မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား စစ်ကူရောက်ရှိလာတဲ့အတွက် PDF တပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးပြီး ၃ ဦးအလောင်းသာ ပြန်ရခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနက် ၅ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဇီးပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီက အင်အားအများအပြားနဲ့ ပိတ်ဆို့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရလို့ အကျအဆုံးများခဲ့တာလို့ ဆိုပါတယ်။
နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲက တနေကုန်ပဲ။ မနက်အစောပိုင်းတည်းက တိုက်ခိုက်နေတာ အခြေအနေ အတော်ကောင်းနေပြီ။ ရဲစခန်းကို သိမ်းနိုင်ခါနီး နေ့လယ်ပိုင်းလောက်မှာ စစ်(--)တွေနဲ့ ပျူအင်အား ၅၀၀ ကျော် ပိတ်ဆို့ပြီး တိုက်ခိုက်တာကို ခံခဲ့ရတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရမှုကြောင့် PDF တပ်ဖွဲ့ဝင် ၃၀ ကျော် ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်သာ လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇီးပြားကျေးရွာအတွင်း တပ်စွဲနေရာယူထားတဲ့အတွက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ကျဆုံးနဲ့ ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျ မသိရသေးဘဲ ကျေးရွာအတွင်းရှိ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ PDF ကျား ၂၀ ဦး၊ မ ၁ ဦး အသေပစ်ခတ် ဖမ်းစီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။