ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်နဲ့ ကယားပြည်နယ် လွိုင်ကော်တို့မှာ ဖြေဆိုနေဆဲဖြစ်တဲ့ အဝေးသင် သင်တန်းတွေရဲ့ စာမေးပွဲတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အဆိုပါတက္ကသိုလ်တွေက ကြေညာထားပါတယ်။
စစ်ကောင်စီပညာရးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက နိုဝင်ဘာ ၁၆ ရက်မှာ တယ်လီဖုန်းနဲ့ ညွှန်ကြားချက်အရ လားရှိုးတက္ကသိုလ် အဝေးသင်-သင်တန်း ၂၀၂၃ ပညာသင်နှစ်တတိယသုတ်ရဲ့ မြန်မာစာနဲ့ သမိုင်းအထူးပြု သင်တန်းနှစ်တွေအားလုံးရဲ့ ကျင်းပလျက်ရှိတဲ့ စာမေးပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းကစတင်ကာ ဖြေဆိုချိန်အားလုံးကို ရက်ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် နဲ့ နိုဝင်ဘာ ၁၄ ရက်တို့မှာ ကယားပြည်နယ် လွိုင်ကော်မြို့ လွိုင်ကော်တက္ကသိုလ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဆိုပါတက္ကသိုလ်မှာရှိတဲ့ ပါမောက္ခချုပ်အပါအဝင် Non CDM ဆရာဆရာမ၊ ကျောင်းသားကျောင်းသူတွေကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပြီး လွိုင်ကော်တက္ကသိုလ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားခဲ့ပါတယ်။
လက်ရှိမှာ လားရှိုး-သိန္နီလမ်းတလျှောက်မှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေသလို၊ လားရှိုးမြို့က စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး လားရှိုး ဒေသခံတချို့လည်း မြို့ကနေ ထွက်ခွာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း စတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ် ၈ မြို့နယ်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။