Home
မြန်မာသတင်း
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ထပ်ချ
DVB
·
November 16, 2023
Ko Thet Hnin Aung (Head Workers)

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စစ်ခုံရုံးကနေ နိုဝင်ဘာ ၁၅ ရက်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ် ထပ်မံ ချလိုက်တယ်လို့ သူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ကိုသက်နှင်းအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)နဲ့ တရားစွဲဆိုပြီး  အမိန့်ချလိုက်တာဖြစ်တယ်လို့ MICS-TUsF တာဝန်ရှိသူတဦးက ပြောပါတယ်။

"သူ့ကိုအရေးယူတဲ့ပြစ်မှုတွေကို သူကကျူးလွန် ထားတာမရှိဘဲ အရေးယူခံရတာဖြစ်တယ်။ အဲဒီအတွက် ပြန်လွှတ်ပေးဖို့ ကျနော်တို့  တောင်းဆိုသွားဖို့ရှိပါတယ်။”

စစ်ကောင်စီက ကိုသက်နှင်းအောင်ကို မူလက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁နဲ့ တရား စွဲပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက  ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ်ကျပ် ၂၀၀၀၀ ချမှတ်ခဲ့ပါတယ်။

အဲဒီ ထောင်ဒဏ်က ဇွန်လက လွတ်ရက်​စေ့ခဲ့လို့ အကျဥ်းထောင်ကနေ ပြန်လွတ်မယ်ဆိုတဲ့ အတွက် မိသားစုက သွားကြိုခဲ့ပေမဲ့ ပြန်မလွှတ်ပေးဘဲ ဆက်လက် ထိန်းသိမ်းခံ ထားရတာဖြစ်ပြီးအခု နောက်ထပ်ထောင်ဒဏ်ချထပ်မံ ချမှတ်ခံရတာလို့ ကိုသက်နှင်းအောင်ရဲ့ မိသားစုနဲ့ ရင်းနှီးသူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ MICS-TUsF ရုံးခန်းတွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့လို့ ကိုသက်နှင်းအောင်က တိမ်းရှောင်နေစဥ် နယ်စပ်တနေရာမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

MICS-TUsF အလုပ်သမားအဖွဲ့ချုပ်တာဝန်ရှိသူတဦးက "အလုပ်သမားအရေးပဲ လုပ်နေသူတယောက်ကို အခုလို အရေးယူတာဟာ စိတ်ပျက်စရာကောင်းပါတယ်။ သူက နဂိုကတည်းက ကျန်းမာရေးလည်းမကောင်းတော့ ကျနော်တို့ စိုးရိမ်နေတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက် ကိုသက်နှင်းအောင်အပါအဝင် အလုပ်သမားအရေး လှုပ်ရှားသူ  ၂၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(CTUM)က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂဝင်တွေကို ဖမ်းဝရမ်း ထုတ်တာ၊ နိုင်ငံသားအဖြစ်က ပယ်ဖျက်တာ၊ နိုင်ငံကူးလက်မှတ်  ဖျက်သိမ်းတာတွေ စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို အလုပ်သမားအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းတွေကလည်း ကန့်ကွက်ရှုတ်ချထားပြီး  အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013