ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အစ္စရေးသံရုံး အဝင်ဝအနီးက အတားအဆီးထဲကို နိုဝင်ဘာ ၁၆ ရက်က ကားတစီး ဝင်တိုက်ခဲ့ပြီးနောက် ရဲအရာရှိတဦး ဒဏ်ရာရရှိခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားတဦးကို ဖမ်းဆီးသွားကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ရိုက်တာသတင်းဌာနက မှတ်ချက်ပေးဖို့ သံရုံးတာဝန်ရှိသူတဦးကို ဆက်သွယ်ခဲ့ပေမဲ့ ချက်ချင်းဆက်သွယ်လို့ မရရှိပါဘူး။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ဟာ အခုချိန်မှာ မှတ်ချက်ပေးဖို့ မဖြစ်နိုင်သေးကြောင်း ပြောပါတယ်။
ရဲအရာရှိတွေဟာ ရှေ့မီးလုံးတွေနဲ့ ဘောင်တွေ ကျိုးပဲ့ပျက်စီးနေတဲ့ အနက်ရောင်ကားတစီး ရှိနေရာ အနီးပတ်ဝန်းကျင်ကို ပိတ်ဆို့ထားပြီး လမ်းပေါ်မှာလည်း အပျက်အစီးတွေ များနေတယ်လို့ အခင်းဖြစ်ပွားရာနေရာရှိ ရိုက်တာသတင်းထောက်တဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း တိုကျိုမြို့ အပါအဝင် ကမ္ဘာတဝန်းရှိ အစ္စရေးသံရုံးတွေ အပြင်ဘက်မှာ ပါလက်စတိုင်း လိုလားသူတွေက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုံးကြဲတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြပွဲ အများအပြားကို အကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။
အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကို ဗုံးကြဲပြီး သိပ်မကြာခင် ပြီးခဲ့တဲ့ တလလောက်ကလည်း ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူတွေဟာ တိုကျိုမှာရှိတဲ့ အစ္စရေးသံရုံး အပြင်ဘက်မှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။
Source/Photo-Reuters