Home
မြန်မာသတင်း
ဂုတ်တွင်းတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဈေးဆိုင်နှင့် နေအိမ် ၁၀ လုံးခန့် ပျက်စီး
DVB
·
November 15, 2023
KyaukMe_09_15112023
KyaukMe_08_15112023
KyaukMe_07_15112023
KyaukMe_06_15112023
KyaukMe_05_15112023
KyaukMe_04_15112023
KyaukMe_03_15112023
KyaukMe_02_15112023
KyaukMe_01_15112023

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဂုတ်တွင်းထဲမှာ ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် နေ့ခင်းပိုင်းက TNLA တအာင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ကူတာကြောင့် အနီးအနားရှိ ဈေးဆိုင်နဲ့ နေအိမ်တွေ ပျက်စီးခဲ့သလို ဒေသခံရာနဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။

TNLA တပ်ဖွဲ့ဝင်တွေဟာ မနေ့က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းပိုင်းကို ပိတ်ဆို့လိုက်တာကြောင့် မြေပြင်က စစ်ကူတွေမလာနိုင်ဘဲ ဒီကနေ့ ၁၂ နာရီလောက်မှာ လေယာဉ်နှစ်စီးနဲ့ ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးတွေဟာ ဇီးပင်စခန်းအနီးရှိ ဧဒင်ဉယျာဉ် အပန်းဖြေစခန်းတဝိုက်ရော ပင်တိန်အုပ်စု ပင်တီး ခေါ် ခေါက်ခဲရွာထဲလည်း ကျလာလို့ စားသောက်ဆိုင် အပါအဝင် အနီးနားတဝိုက် နေအိမ် ၁၀ လုံးခန့် ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ နေ့လယ်က စစ်ကောင်စီက လေယာဉ်နှစ်စင်းနဲ့ လာပစ်တော့ ဇီးပင်စခန်း၊ လုံကြိမ်၊ နောင်ပစ်၊ ပန်တိန်၊ နောင်ပိန် စတဲ့ရွာတွေထဲကို လက်နက်ကျည်ကျတယ်။ ထိခိုက်ဆုံးရှုံးမှုက ကျနော်တို့သိရသလောက်တော့ ဧဒင်ပန်းခြံနားမှာရော၊ ပင်တိန်အုပ်စု ခေါက်ခဲရွာက စားသောက်ဆိုင်နဲ့ နေအိမ်တွေ ၉ လုံး ၁၀ လုံးလောက် ပျက်စီးတယ်လို့ ကြားပါတယ်ခင်ဗျ။ ကျနော်တို့လည်း စစ်ဘေးရှောင်နေရလို့ သွားတော့မကြည့်နိုင်ပါဘူး၊ အဲဒီဘက်က အသိတွေ ပြောလာတာပါ။”

ကျောက်မဲမြို့နယ်ထဲမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့လကုန်ပိုင်းကစ ဒီကနေ့ထိ ပစ်ခတ်မှုတွေ ရှိတာကြောင့် နောင်ပိန်၊ ပန်ပေါင်း၊ ဖီသစ်၊ ကုန်းညောင်၊ ထန်းပင် စတဲ့ ကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၀ ရွာကျော်က လူ ၁,၀၀၀ ကျော်ဟာ နောင်ပိန်ဘုန်းကြီးကျောင်း ဓမ္မာရုံ၊ ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်၊ ပုပ္ပာရုံကျောင်းတိုက်နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ဒေသခံက ပြောပါတယ်။

ကျောက်မဲစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်းလိုသူတွေအနေနဲ့ ကျောက်မဲမြို့ရှိ ပရဟိတ လူမှုကူညီရေးအသင်းတွေကနေတဆင့် ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024