စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ကလေးနယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ တံတား ၃ စင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၅ ရက် ဒီနေ့မနက်မှာ ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့၊ အိတ်စွက်ကျေးရွာကနေ ကလေးနယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ရွာချင်းဆက် တံတားတွေကို စစ်ကောင်စီက စစ်ကားနှစ်စီး၊ JCB တစီးနဲ့ လာရောက် ဖြိုချသွားတာလို့ ဆိုပါတယ်။
ကလေးနယ်မြောက်ပိုင်းမှ ဒေသခံတဦးက “ဆည်တော်ဦး ပျူရွာတွေက ဖြိုခိုင်းလို့ လာဖြိုတာ ဖြစ်နိုင်တယ်။ အဓိကက ဒီဘက်ရွာတွေက တံတားတွေဖျက်ရင် သူတို့ ရွာတွေနဲ့ မြို့ပေါ်ကို မလာနိုင်အောင် လုပ်တဲ့သဘောပဲ” လို့ ပြောပါတယ်။
အဆိုပါ ရွာချင်းဆက် ပေါင်းကူးတံတားကို စစ်တပ်က ဖြိုချသွားတာကြောင့် နတ်ကြီးကုန်း၊ ပျဉ်းခုံလေး၊ ပျဉ်းခုံကြီး စတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေဟာ ကလေးမြို့ပေါ်ကို သွားလို့မရတော့ဘူးလို့ ပြောကြပါတယ်။
ကလေးမြို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ကိုဆလိုင်းဗန်ထောင်ဘိတ်က “အများပြည်သူ သွားလာနေတဲ့ လမ်းတံတားတွေ ဖျက်နေရုံနဲ့ သူတို့လုံခြုံမယ်ထင်နေတာ ရွာခံပြည်သူတွေ သွားလာရ ခက်ခဲသွားတာကလွဲရင် တော်လှန်ရေးအတွက် ရိုက်ခတ်မှုမဖြစ်ပါဘူး။ အဆုံးထိ တိုက်သွားမှာပါ။ အောင်ပွဲတွေလည်း ဆက်တိုက်ရနေပြီဖြစ်သလို အကြမ်းဖက်စစ်တပ် အနေနဲ့ နေရာတိုင်းမှာ သေကျေပျက်စီးမှုများစွာနဲ့ ရင်ဆိုင်ရှုံးနိမ့်နေကြသလို ပြည်သူ့တော်လှန်ရေး အဖွဲ့တွေဆီ လာရောက်အလင်းဝင် ပူးပေါင်းတာတွေလည်း လက်တွေ့ရှိနေပါပြီ။ ဒါကြောင့် တံတားဖျက်လည်း တော်လှန်ရေးက ပျက်သွားမှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒေသခံ ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကတော့ ကလေးမြို့ပေါ်မှာ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်နေသလို ညပိုင်းတွေလည်း ပတ်ကင်းတွေ လှည့်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။