Home
မြန်မာသတင်း
ရွှေပြည်သာတွင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
November 15, 2023
Shwe Pyi Tha_15112023

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်၊ ချင်းတွင်းလမ်းမှာ နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီလောက်က လမ်းထိပ်မှာထိုင်နေတဲ့ လူငယ် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ကားတစီးနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ရွှေပြည်သာမြို့ခံတဦးက ပြောပါတယ်။

မျက်မြင်တွေ့ရှိခဲ့သူတဦးက “လူစုလူဝေးနဲ့ ထိုင်နေလို့ ဖမ်းတယ်လည်း ပြောကြတယ်။ အင်္ကျီအမဲရောင် ဝတ်ထားလို့ ဖမ်းတယ်လည်း ပြောကြတယ်။ ငွေညှစ်တယ်လို့ပဲ ထင်ပါတယ်။ ကားပေါ် အကုန်ခေါ်တင်သွားတယ်” လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေတွေကို အခုချိန်ထိ မသိရသေးဘူးလို့ ၁၀ ရပ်ကွက် ချင်းတွင်းလမ်းမှာ နေထိုင်သူတွေနဲ့ ဒေသတွင်း သတင်းဌာနတွေကနေတဆင့် သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက် ညပိုင်းကလည်း ၁၆ ရပ်ကွက် အောင်ဇေယျလမ်းထိပ်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို လူစုလူဝေးနဲ့ အရက်သောက်တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။

“၁၁ ရက်နေ့ကလည်း အောင်ဇေယျလမ်းထိပ်မှာ ည ၇ နာရီလောက်က အရက်သောက်နေလို့ ဆိုပြီး အောက်ဂိတ်ရဲစခန်းကို ခေါ်သွားပြီး ညတွင်းချင်း တယောက်ကို ၃ သောင်းနဲ့ လာရွေးခိုင်းတယ်။ နောက်နေ့မှလာရွေးရင် ၁ သိန်း ၈ သောင်း ပေးရမယ်ဆိုပြီး ငွေညှစ်လို့ ချက်ချင်းပိုက်ဆံသွားပေးပြီး ခေါ်ခဲ့ရတယ်” လို့ ၁၆ ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်ထဲက ရပ်ကွက်တွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ညစဥ် ဧည့်စာရင်းစစ်နေပြီး အသက်ပြည့်ပြီးတဲ့ ယောကျ်ားလေးတွေရဲ့ နာမည်စာရင်းတွေကို ကောက်ယူနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ အစပိုင်းကစပြီး ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024