ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက သီးဘွာလ်စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF က သိမ်းပိုက်ပြီးနောက် ဖ လမ်းမြို့နယ် အနောက်ဘက်ခြမ်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်နိုင်ပြီလို့ CNDF တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက် ဒီနေ့မနက်၄ နာရီက ဖလမ်းမြို့ သီးဘွာလ်စစ်ကောင်စီတပ်စခန်းကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မနက် ၆ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သီးဘွာလ်စစ်ကောင်စီတပ်စခန်းဟာ စစ်သားအင်အား ၄၀ ခန့်ရှိပြီး ခလရ-၂၆၉ လက်အောက်ခံ တပ်စခန်းတခု ဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ကျန်တဲ့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားလို့ အခုထိ လိုက်လံရှာဖွေနေတယ်လို့ CNDF ဘက်က ပြောပါတယ်။
CNDF တာဝန်ရှိသူက “တိုက်ပွဲအတွင်း ပြေးသွားတဲ့ စစ်သားတွေကို အခုထိ လိုက်ရှာနေတုန်းပါပဲ။ CNA က နယ်စပ်မြို့ ရိဒ်စခန်းသိမ်းတာနဲ့ ကျနော်တို့ အခု သီးဘွာလ်စခန်းသိမ်းတာနဲ့ဆို ဖလမ်းအနောက်ပိုင်း တခုလုံးကို ကာကွယ်ရေးဘက်က ထိန်းထားလိုက်ပါပြီ” လို့ ပြောပါတယ်။