ရုရှားသဘာဝအရင်းအမြစ်ဝန်ကြီး အလက်ဇန်းဒါး ကက်စ်လို့ဗ် ဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ပြုံယမ်းကို အလည်အပတ် ရောက်နေတယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာက နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
နိုင်ငံရေးအရ အထီးကျန်တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ပိတ်ပင်ခံထားရတဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်မှာ တိုးတက်မှုအသစ်တွေကို ကြေညာခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မှာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးနေတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့နေချိန်မှာ ကက်စ်လို့ဗ်က မြောက်ကိုရီးယားကို နိုဝင်ဘာ ၁၄ ရက်က ရောက်လာတာပါ။
ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှုကို ရှောင်ရင်း မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းရည်ကို ချဲ့ထွင်ဖို့ တရုတ်နဲ့ ရုရှားတို့က မြောက်ကိုရီးယားအစိုးရကို ကူညီမှာ စိုးရိမ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ပြောခဲ့ကြပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ စီးပွားရေး၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဆွေးနွေးနေတယ်လို့ အစိုးရပိုင် KCNA မီဒီယာက ဖော်ပြခဲ့ပါတယ်။ အသေးစိတ် အကျယ်တဝင့်တော့ မပြောခဲ့ပါဘူး။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ စက်တင်ဘာလက ရုရှားအရှေ့ဖျားမှာ တွေ့ဆုံခဲ့ပြီး ရလာတဲ့ သဘောတူညီချက်တွေအပေါ် အခြေခံပြီး ရုရှားဟာ မြောက်ကိုရီးယားနဲ့ သိသိသာသာ ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ ကက်စ်လို့ဗ်က ဧည့်ခံပွဲမှာ ပြောခဲ့တဲ့အကြောင်း KCNA သတင်းဌာနက ကြေညာပါတယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရုရှားအတွက် မြောက်ကိုရီးယားက အပြည့်အဝ ထောက်ခံမှုကိုလည်း ကက်စ်လို့ဗ်က ကိုးကားပြောဆိုခဲ့တယ်လို့ KCNA က ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters