အီတလီနိုင်ငံက ပင်လယ်ကမ်းခြေမြို့ လာဒီစပိုလီက ဆပ်ကပ်ပွဲတခုကနေ စနေနေ့ညက လွတ်သွားတဲ့ ခြင်္သေ့တကောင်ကို အာဏာပိုင်တွေက အိပ်ဆေးပါတဲ့မြားနဲ့ ပစ်ပြီး ပြန်လည် ဖမ်းမိခဲ့ပါတယ်။
ကင်မ်ဘာလို့ခေါ်တဲ့ သက်ကြီးခြင်္သေ့ကြီးဟာ ရိုနီရိုလာ ဆပ်ကပ်ဖျော်ဖြေပွဲကနေ လွတ်သွားပြီး အချိန် ၇ နာရီလောက်ကြာအောင် မြို့ထဲမှာ လွတ်နေခဲ့တာပါ။
ဒေသခံတချို့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေထဲမှာ မြို့တွင်းလမ်းမတွေပေါ်မှာ ခြင်္သေ့တကောင် လှည့်ပတ်ရင်း အိမ်တွေ ခြံစည်းရိုးတွေကို ပတ်ရင်း အီတလီရဲတပ်ဖွဲ့ရဲ့ ရဲကားရှေ့မှာ ရပ်နေတာ တွေ့ရပါတယ်။
ခြင်္သေ့က သူ့ရဲ့ သတ္တုလှောင်အိမ်ထဲကနေ ဘယ်လိုထွက်လာလဲ ဆိုတာကို ဒေသန္တရ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
ဆပ်ကပ်က တိရစ္ဆာန်ကြီးကြပ်သူ လေ့ကျင့်ရေးမှူး ရိုနီ ဗက်စ်ဆယ်လိုက“ခြင်္သေ့တကောင်က သော့ကိုဖျက်ပြီး သော့ချိတ်ကိုဖွင့်ဖို့ အရည်အချင်းမရှိဘူး ဆိုတာ ကျနော်တို့အားလုံး သိပါတယ်” လို့ ပြောပါတယ်။
ရိုနီရိုလာ ဆပ်ကပ်ဖျော်ဖြေပွဲအတွက် ခွင့်ပြုမိန့်ကို ရုပ်သိမ်းဖို့ ဥပဒေကြောင်းအရ အကြောင်းပြချက်ရှိမရှိ စစ်ဆေးဖို့ ကောင်စီက ကျွမ်းကျင်သူတွေကို တောင်းဆိုမယ်လို့ ဒေသခံမြို့တော်ဝန် အလက်ဇန်ဒရို ဂရန်ဒိုက ဖေ့စ်ဘွတ်ခ်ပို့စ်မှာ ရေးသားခဲ့ပါတယ်။
နယ်လှည့်ဆပ်ကပ်အဖွဲ့ဟာ နိုဝင်ဘာ ၉ ရက်ကနေ ၁၉ ရက်အကြား လာဒီစပိုလီမြို့မှာနေဖို့ စီစဉ်ထားပါတယ်။
ဒေသခံတချို့ကတော့ ခြင်္သေ့ကြီးဘက်မှာ ရှိနေတာပါ။ “လှောင်ချိုင့်ထဲမှာရှိနေလို့ စိတ်မကောင်းပါဘူး၊ သူ့ သဘာဝပတ်ဝန်းကျင်ဖြစ်တဲ့ ဆာဗားနားမှာ ရှိသင့်တယ်” လို့ မြို့ခံတယောက်က ပြောပါတယ်။
Source/Photo-Reuters