တက္ကသိုလ်ဝင်ခွင့်ရသူတွေ၊ ခရီးသွားလိုသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ထောက်ခံချက်တွေကို ကျန်းမာရေးဌာနတွေက လာဘ်ငွေယူပြီး ပြုလုပ်ပေးနေတယ်လို့ ငွေပေးခဲ့ရသူတွေက ပြောပါတယ်။
အခုနှစ်မှာ တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူတွေထံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပြီးတဲ့ ထောက်ခံချက်တွေကို တက္ကသိုလ်တချို့က တောင်းခံနေရာ ဆေးမထိုးရသေးသူတွေအနေနဲ့ မြို့နယ် ဒေသန္တရကျန်းမာရေးဌာနတွေမှာ ပိုက်ဆံပေးပြီး ပြုလုပ်နေရတယ်လို့ ကျောင်းသားကျောင်းသူတွေထံက သိရပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ်ကို ဝင်ခွင့်ရထားတဲ့ ကျောင်းသားတဦးက “ကျန်းမာရေးဌာနမှာ အကပ်ရှိရင် တသောင်းခွဲ၊ နှစ်သောင်းလောက် ပေးလိုက်ရင် ရတယ်။ လက်မှတ်သွားယူတဲ့အချိန်ကျရင် ဆေးတလုံးတော့ ထိုးပေးလိုက်တာပေါ့။ ဆေးတော့မထိုးချင်ဘူး၊ လက်မှတ်လိုချင်တယ်ဆိုရင်လည်း ရတယ်။ ခရီးသွားဖို့အတွက် လာလုပ်တဲ့သူတွေတောင် တွေ့ခဲ့တယ်” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အကြောင်းအမျိုးမျိုးပြ ပိုက်ဆံအတောင်းခံရတဲ့အထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးတဲ့ လက်မှတ်မပါတဲ့အတွက် ပိုက်ဆံပေးနေရတဲ့ ဖြစ်ရပ်တွေ ဒီနေ့အထိ ရှိနေပါတယ်။
“တချို့ဂိတ်တွေကတော့ အဲ့ဒီကိစ္စနဲ့ သိပ်မရစ်ဘူး။ တချို့ဂိတ်တွေကျတော့ အထောက်အထားကို တခုပြီးတခု ရစ်တာ။ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာပါပြီး ကိုဗစ်ဆေးထိုးလက်မှတ် မပါဘူးဆိုရင် ငါးထောင်လောက်ပေးခဲ့ရတာ။ မပေးဘူးဆိုရင် ပြန်လှည့်ခိုင်းတာ။ ပေးရတော့တာပေါ့။ ကျနော်တို့က နယ်လှည့်ပို့နေရတော့ အဲ့ဒီလက်မှတ်ကို လုပ်ထားရတယ်။ သူတို့ထိုးပေးတဲ့ဆေးကို မယုံလို့ ထိုးတော့မထိုးဘူး။ အခုလည်း ကိုဗစ်က ဖြစ်မှမဖြစ်တော့တာ” လို့ ESI Foods မှ ယာဉ်မောင်းတဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်ပကိုသွားရောက်လိုသူတွေ အနေနဲ့လည်း အဆိုပါထောက်ခံချက် ပြုလုပ်လိုပါက ကျပ်သုံးသောင်းနဲ့ အွန်လိုင်းကတဆင့် ဝန်ဆောင်မှုပေးနေတဲ့သူတွေပါ ရှိနေပါတယ်။
လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှု မရှိတော့သလို ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကိုလည်း အသိပညာပေးတာတွေကို စစ်ကောင်စီ ကျန်းမာရေးဌာနက လုပ်ဆောင်တာမျိုး မရှိတော့ပါဘူး။