တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအကြား စစ်ရေးတင်းမာနေပြီး ဒေသတွင်း ကျေးရွာ ၂ ရွာလောက်မှာ နေထိုင်တဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုး လာပြီးနောက် တိုက်ပွဲဖြစ်လာနိုင်လို့ မင်းဂုတ်ကျေးရွာအပါအဝင် အနီးရှိပြင်ဝန်းကျေးရွာက ဒေသခံပြည်သူတွေမှာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံက ပြောပါတယ်။
မောင်းလှော်ရွာသားတဦးက "ဒေသခံတွေ တယောက်မှမရှိတော့ဘူး။ အားလုံးထွက်ပြေးလာပြီး မောင်းလှော်မှာ လာနေကုန်ပြီ။ လွတ်ရာကျွတ်ရာပြေးကုန်ပေါ့။ ဘယ်သူ့မှ ရွာကို ပြန်သွားမရဘူး။ တရွာလုံးမှာ ဆုံးခါနီး အဘွားအိုကြီး တအိမ်ပဲကျန်ခဲ့တယ်တဲ့။ လက်နက်ကြီးတွေ ရမ်းပစ်နေတာလားမသိဘူး ဒီကောင်တွေ။ မင်းဂုတ်ကနေ ပြင်ဝန်းဘက်ပစ်နေတာ"လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းမှာ နိုဝင်ဘာ ၁၁ ရက် ညကတည်းက မင်းသန်းကျေးရွာကနေတဆင့် မောင်းလှော်ကျေးရွာကို ဝင်ရောက်လာပြီး မင်းဂုတ်ရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
ကျွန်းစု ပကဖ ပြန်ကြားရေးတာဝန်ခံက "မင်းဂုတ်တို့၊ ဂျိုးတောင်တို့ဘက်နားမှာတော့ မနေ့ကတည်းက စစ်ကောင်စီကနေပြီးတော့ ရွာသားတွေကို ပြောင်းခိုင်းထားတာလို့ ကြားရတယ်။ သူတို့ဘက်က လက်နက်ကြီးထုတာမျိုးလောက်ပဲ။ တိုက်ပွဲဖြစ်တာမျိုးတော့ မဟုတ်သေးဘူးပေါ့" လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှာ မင်းဂုတ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၃ ရက် မနက် ၉ နာရီလောက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦသေဆုံး၊ ၃ ဦးဒဏ်ရာရတယ်လို့ PDF နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"တနေကုန်လက်နက်ကြီးပစ်လိုက် ခဏနားလိုက်ပဲ။ တိုက်ပွဲဖြစ်ကတည်းက ပစ်နေတာ။"
စစ်ကောင်စီစစ်ကြောင်းက တပ်သားတွေနဲ့ ပြည်သူ့စစ်အင်အားပေါင်း ၂၀၀ ကျော်လောက် ရှိပြီး မင်းဂုတ်ကျေးရွာနဲ့ ဂျိုးတောင်တို့ဘက်မှာ လက်နက်ကြီးတွေတပ်ဆင်ကာ ပြင်ဝန်းကျေးရွာဘက်ကို တနေ့ကုန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ မင်းဂုတ်ကျေးရွာမှာ အိမ်ခြေပေါင်း ၄၀၀ ခန့်ရှိပြီး ပြင်ဝန်း ကျေးရွာမှာတော့ အိမ်ခြေ ၂၀၀ ကျော်ရှိကာ ကျေးရွာ ၂ ရွာစလုံးကို နှစ်ဖက်စလုံး အင်အားချထားကြပြီး စစ်ရေးတင်းမာနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၂၂ ရက်နေ့တုန်းကလည်း ပြင်ဝန်းကျေးရွာဘက်ကို စစ်ကောင်စီ ဇဝဲအမြောက်တပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တလုံးပျက်စီးကာ ဒေသခံအများအပြား ရွာကနေ ထွက်ပြေးတိမ်းရှောင်လာရသေးတယ်လို့ သိရပါတယ်။