မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာမှာ နိုဝင်ဘာ ၁၃ ရက် နေလယ်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး စပါးရိတ်သိမ်းပြီးနေလှန်းနေတဲ့ ဒေသခံ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ရွှေကျင်အခြေစိုက် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄ လုံးထဲက ၁လုံးဟာ ရှမ်းစု နဲ့ ချောင်းဝကျေးရွာကြားကို ကျရောက်ခဲ့ပြီး စပါးရိတ်သိမ်းကာ နေလှန်းနေတဲ့ အသက် ၅၄ နှစ်အရွယ်ရွာသား ဦးမင်းနိုင်ကို ထိမှန်ခဲ့ပါတယ်။
ဦးမင်းနိုင်ဟာ လက်နဲ့ပေါင်တွေမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးခန်း ကို ပို့ဆောင်ပေးခဲ့ပေမဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ရွေကျင်ဘက်ကပစ်လိုက်တဲ့လက်နက်ကြီးက ဒီဘက်ကိုကျပြီး လယ်သမားတဦးကို ထိသွားတာ။ ရွေကျင်ဘက်က အမြဲပစ်နေကျဆိုပေမဲ့ ဒီဘက်ကိုကျခဲပါတယ်။ အခုတခါလည်း ရွာထဲမကျဘဲ လယ်ကွင်းထဲကျသွားပြီး စပါးလှန်းနေတဲ့သူကိုထိတာ။ ဆေးခန်းကို ပို့ပေးပေမဲ့ လမ်းမှာပဲသေသွားတာ။”
သေဆုံးသွားတဲ့ ဦးမင်းနိုင်ဆီဟာ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့အရပ်သားတဦးဖြစ်ပြီး သေဆုံးချိန်မှာ သားသမီး ၇ ယောက်ကျန်ရစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး တဘက်ကမ်းမှာရှိတဲ့ တနော်ကျွန်းရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။