ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ်ဈေးဆိုင် ၃ လုံးအပါအဝင် ဈေးဆိုင်ငယ်တွေ မီးလောင် ပျက်စီးဆုံးရှုံးသွားပါတယ်။
တနိုင်းမြို့ မိုင်ခွန်ကျေးရွာ မှော်သွားလမ်းမဘေးမှာ ဖုန်းအားသွင်းလုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်က လျှပ်စစ်ဝါယာ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းကာ ကုန်စုံဆိုင်ကြီးဖွင့်ထားတဲ့ လူနေအိမ်နှစ်လုံးနဲ့ ကုန်စုံဆိုင်ငယ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူတစ်ဦးက" နေ့လယ် ၁ နာရီ မထိုးခင် ဖုန်းအားသွင်းတဲ့ဆိုင်က လျှပ်စစ်ဝါယာ အပူလွန် ဖြစ်ပြီး မီးလောင်တာ။ ဖုန်းအားသွင်းတဲ့ဆိုင်ရယ်၊ ဘေးက ကုန်စုံရောင်းတဲ့ နေအိမ်နှစ်လုံးရယ်၊ ဈေးဆိုင်အသေးလေးတွေရယ် မီးထဲပါသွားတယ်။ ဘေးက အိမ်တွေကိုတော့ မီးအနည်းငယ် ကူးတာရှိတယ် "လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏ တန်ဖိုးကိုတော့ မသိရေသေးဘဲ လူတွေ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာ မှော်သွားလမ်းမပေါ်က နေအိမ်တစ်လုံး ဆိုလာပြား အပူလွန်ကဲ မီးလောင်ခဲ့တဲ့အတွက် နေအိမ်သုံးလုံး အပါအဝင် အဆောက်အဦးတလုံး မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။