Home
မြန်မာသတင်း
တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို ယာဉ်ထိန်းရဲက ကျပ် ၁၀ သိန်းထိ တောင်းခံ
DVB
·
November 13, 2023
taung 13112023

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လိုင်စင်မဲ့ကားတွေကို အခုရက်ပိုင်း စစ်ဆေးဖမ်းဆီးနေပြီး ကားပိုင်ရှင်တွေကို ယာဉ်ထိန်းရဲတွေက ငွေသိန်းဆယ်ချီ တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးမြို့တွင်း အိုးရှင်းအနီး၊ စူဠာမုနိဘုရားတဝိုက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ၊ မိန်းလမ်းမကြီးတွေမှာ စောင့်ကြပ်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားတဦးက “အခု သီတင်းကျွတ်ပြီးတော့ အင်းလေးဘုရားပွဲတွေ ဆက်နေတော့ သူသူငါငါ အသွားအလာ လုပ်ကြတယ်၊ အဲ့ဒါကို စောင့်ဖမ်းတာ။ ကားတွေဆို မနည်းဘူး။ လူကြည့်ပြီး ငွေတောင်းကြတာ။ ကျနော်တို့ကိုလည်း ဖမ်းတယ်။ ချလံဖြတ်ပြီး ရုံးခေါ်တာကို ကျနော်က ဒီမှာပဲရှင်းချင်တယ်လို့ ပြောလိုက်တာ ၃ သိန်းတောင်းတယ်။ အရင်ကဆို သောင်းဂဏန်းပဲဗျာ။ အခုက တမင်ကိုညစ်တာ။ ကျနော့်ရှေ့က ရွာသားတွေ မေးကြည့်တော့ ၁၂ သိန်း ပေးခဲ့ရတယ်တဲ့။ အဓိကက ရွာသားတွေဆို ရုံးရောက် ဘာရောက်ဆို ကြောက်တာလေ။ သူတို့ကို ပိုတောင်းတာ” လို့ ပြောပါတယ်။

တောင်ကြီးမြို့တွင်းသာမက ဆေးတက္ကသိုလ်အကျော် ၄ မိုင်ဂိတ်၊ ဟိုပုံး-တောင်ကြီးသွားလမ်း၊ အေးသာယာ အဆင်းလမ်း၊ စက်မှုဇုန်လမ်းခွဲ၊ အောင်ပန်း-ပင်လောင်း လမ်းမကြီးတွေမှာလည်း ယာဉ်ထိန်းရဲတွေ နေ့စဉ်စောင့်ကြပ်ပြီး သိန်းဂဏန်းအထိ ငွေတောင်းတာတွေ ရှိပါတယ်။

နိုဝင်ဘာ ၄ ရက်ကတည်းက လိုင်စင်မဲ့ကားမှန်သမျှ စစ်ဆေး တောင်းရမ်းနေတာဖြစ်ပြီး တချို့ကားတွေကို သိန်းဆယ်ချီတောင်းပေမဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ကားတွေနဲ့ သူတို့မိသားစုဝင်တွေရဲ့ ကားတွေကတော့ ဌာနဆိုင်ရာဝန်ထမ်းကတ်ပြရင် ဖမ်းဆီးမှုမရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

“စစ်ဆေးရေးဂိတ်တွေလည်း ကြီးကြီးငယ်ငယ် အကုန်ပေးရတယ်။ တန်ဆောင်တိုင်ကွင်းနားက ရထားသံလမ်းဂိတ်လည်း ပိုက်ဆံတောင်းတယ်။ ညဘက် ဖမ်းခံထိရင် ပိုဆိုးတယ်၊ ပိုတောင်းတယ်။ ကျနော့်ကားဆို ၈ စီးလုံး အသိမ်းခံရတယ်။ ပြန်ရွေးဖို့လည်း ပိုက်ဆံမရှိတော့ဘူး” လို့ တောင်ကြီးမြို့ခံ လိုင်စင်မဲ့ကား အရောင်းအဝယ်ပြုလုပ်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။

ယာဉ်ထိန်းရဲဌာနမှာလည်း တလအတွင်း ဖမ်းဆီးရမယ့် လိုင်စင်မဲ့ကားအစီးရေ သတ်မှတ်ချက် ရှိတဲ့အပြင် တန်‌ဆောင်တိုင်ကာလ ဖြစ်တဲ့အတွက် စောင့်ကြပ်စစ်ဆေးတာ ပိုတိုးပြီး ဆောင်ရွက်တာလို့ ယာဉ်ထိန်းရဲဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ခေတ်အဆက်ဆက် တောင်ကြီးမြို့ ပွဲတော်ကာလတွေအတွင်း လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးစစ်ဆေးတာ မရှိခဲ့ပေမဲ့ ဒီနှစ် တန်ဆောင်တိုင်ပွဲတော်ရက် ကပ်လာတဲ့အချိန်မှာတော့ အခုလို ဖမ်းဆီးမှုတွေ များလာနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013