စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲမြို့နယ်မှာ စစ်ဆင်ရေး ဝင်လာတဲ့ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၇ နာရီအချိန်က တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ လာရောက်ပစ်ခတ်တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
ကျားတက်ဒေသခံရွာသားတယောက်က “တိုက်ပွဲက မနက်ခင်း ၇ နာရီက။ ကျနော်တို့ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာတောင်ပိုင်းမှာ မနက်ခင်း ၇ နာရီက သေနတ် ပစ်ခတ်သံတွေ ကြားရတယ်။ အဲလိုကြားပြီး ၇ နာရီခွဲလောက်ရောက်တော့ လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဗျ။ လေယာဉ်နဲ့ပစ်ခတ်လို့ အထိအခိုက် အပျက်အစီး ကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ လာရောက်ပစ်ခတ်ခဲ့တာဟာ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပြီး မုံရွာနမခ စစ်တပ်တွင်းကနေ လာပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ပုလဲဒေါင်းနက်အဖွဲ့ခေါင်းဆောင် ရဲဘော်ကိုပေက “ကျားတက်ရွာတောင်ပိုင်းကို ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီ ၇ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ပစ်တာ။ ၇ ယောက်လုံး သေဆုံးပြီး လက်နက်တွေ ၇ လက် လည်း ရတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
ကျားတက်ရွာမှာ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းတခုရှိပြီး စစ်တပ်လည်း အထိုင်ချတဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲဘော်ကိုပေက “ပုလဲမြို့ကနေ မနက်ခင်းက ကျားတက်ရွာကို အင်အား ၆၂ ယောက်နဲ့ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ ဒေါင်းနက်တပ်ဖွဲ့က ရှေ့ထွက်မိုင်း ၈ လုံးနဲ့ မိုင်းဆွဲတာတွေလည်းရှိတယ်။ အဲလိုမိုင်းဆွဲခဲ့တာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရရှိတယ်လို့ အတွင်း သတင်းပေးဆီက သိထားရတယ်ဗျ။ အဲဒီစစ်ကြောင်းကပဲ မနက်ခင်း ၈ နာရီလောက်ရောက်တော့ ပုလဲမြို့နယ်၊ အေးကုန်းရွာကို မီးရှို့တာတွေလုပ်နေတယ်” လို့ ပြောပါတယ်။
အိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးပြီး လယ်ယာသုံး ထွန်စက်တွေ၊ လယ်ယာသုံး စက်ကိရိယာတွေလည်း ဆုံးရှုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အိမ်ခြေ ၇၀ လောက်ရှိတဲ့ အေးကုန်းရွာဟာ ပုလဲမြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ရွာဖြစ်ပြီး စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။