လာမယ့် တနင်္လာနေ့ မနက်အစောပိုင်းမှာ ကစားမယ့် ၂၀၂၄ ခုနှစ် ဥရောပဖလားခြေစစ်ပွဲမှာ ကိုဆိုဗိုအသင်းကို အနိုင်ရယူခြင်းအားဖြင့် အစ္စရေးပြည်သူတွေကို ပျော်ရွှင်မှု တစုံတရာ သယ်ဆောင်ပေးနိုင်လိမ့်မယ်လို့ အသင်းခေါင်းဆောင်ဖြစ်သူ အယ်လီဒါဆာက ပြောကြားလိုက်ပါတယ်။
သူနဲ့ အသင်းဖော်တွေအနေနဲ့လည်း ကိုဆိုဗိုကို သွားဖို့ ကြောက်ရွံ့မနေဘဲ ဒီအချိန်ဟာ ကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ အခွင့်အရေးတွေရှိတယ်လို့လည်း ခြေစစ်ပွဲအောင်မြင်မှုရဖို့ကို ရည်ညွန်း ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာလ ၇ ရက်မှာ ဟားမတ်စ်တွေရဲ့ ဝင်ရောက် တိုက်ခိုက်မှုနဲ့ ဂါဇာက တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း ဒါဟာ အစ္စရေးအတွက် ပထမဆုံး ကစားရမယ့် နိုင်ငံတကာ ဘောလုံးပွဲစဉ်လည်း ဖြစ်ပါတယ်။
အစ္စရေးအားကစားသမားတွေဟာ ဒီပွဲစဉ်အတွက်ကိုပဲ အာရုံစိုက် ပြင်ဆင်ထားတယ်လို့ အသင်းနည်းပြဖြစ်သူ အလွန်ဟာဇန်က ပြောပါတယ်။
ကိုဆိုဗိုရဲ့ ပီရစ်တီနာ အားကစားရုံတဝိုက်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေကို အများအပြားရှိနေပြီး အထူးတပ်ဖွဲ့ဝင်တွေက အသင်းသားတွေကို လေ့ကျင့်ရေးရုံကနေ ဟိုတယ်ကို ပို့ဆောင်ပေးကြပါတယ်။
မြို့တော်အစွန်မှာရှိတဲ့ အသင်းသားတွေရဲ့ ဟိုတယ်တစ်ဝိုက်မှာလည်း အထူးတပ်ဖွဲ့တွေ ထပ်မံတပ်စွဲထားပါသေးတယ်။
ကိုဆိုဗိုနိုင်ငံဟာ မွတ်စလင် ၉၀ ရာခိုင်းနှုန်းကျော် ရှိပြီး ပါလက်စတိုင်းအရေးကို ထောက်ခံသူအများအပြားကလည်း အစ္စရေးအသင်းကို နိုင်ငံအတွင်း ဝင်ရောက်ခြင်းကနေ တားမြစ်ဖို့ ကိုဆိုဗိုကို တောင်းဆိုတဲ့ မှတ်ချက်တွေ ဆိုရှယ်မီဒီယာတွေမှာလည်း ပျံ့နှံ့နေပါတယ်။
ကိုဆိုဗိုကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အစ္စရေးနိုင်ငံက ၂၀၂၀ ပြည့်နှစ်မှာ အသိအမှတ်ပြုခဲ့ပြီး နှစ်နိုင်ငံစလုံးကလည်း သံတမန်ဆက်ဆံရေးကို ထူထောင်ထားခဲ့ကြပါတယ်။
Photo-Reuters