တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသော ကျွန်းပေါ်က တပ်ဖွဲ့ဝင်တွေ စခန်းချထားတဲ့ နယ်မြေဆီကို တရုတ်သင်္ဘောတွေ ထပ်လွှတ်မယ်လို့ မျှော်လင့်ထားပေမယ့် သူတို့ရဲ့ ပုံမှန်ထောက်ပံ့ရေး လုပ်ငန်းတာဝန်တွေကို ဆက်လုပ်မယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်ဟာ အစိုးရရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အခိုင်အမာ ဖော်ကျူးဖို့ ၁၉၉၉ ခုနှစ်မှာ Second Thomas ရေတိမ် သောင်ခုံပေါ်မှာ သောင်တင်နေတဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ စစ်သင်္ဘောပေါ်မှာ နေထိုင်ကြတဲ့ လက်တဆုပ်စာ တပ်ဖွဲ့တွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ပုံမှန်ပေးပို့နေတာပါ။
Second Thomas ရေတိမ်သောင်ခုံ အပါအဝင် တောင်တရုတ် ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာ ကြေညာထားပြီး အဲဒီနေရာ မှာ ကင်းလှည့်ဖို့ ရာချီတဲ့ စစ်သင်္ဘောတွေကို တရုတ်က တပ် ချထားပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဂျေး တယ်ရီယယ်လာက ကမ်းခြေစောင့်တပ်ဟာ ကျွန်တော်တို့ရဲ့ သင်္ဘောအရေအတွက်က အကန့်အသတ်ရှိပြီး တရုတ်သင်္ဘောတွေ အရေအတွက် တိုးလာနေပေမယ့် ထောက်ပံ့ရေး မစ်ရှင်တွေကို ဆက်လုပ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ပြန်လည်ထောက်ပံ့ရေးမစ်ရှင်ကို နှောင့်ယှက်ဖို့ တရုတ်က ကြိုးပမ်းရာမှာ ဖိလစ်ပိုင် လှေတွေကို ရေအမြောက်တွေသုံးတာအပါအဝင် ရန်လိုပြီး အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေအတွက် တရုတ်ကမ်းခြေ စောင့်တပ်ကို ဖိလစ်ပိုင်က ရှုတ်ချပြီးနောက် တရက်အကြာမှာ ခုလို ထပ်ပြောလိုက်တာပါ။
ဖိလစ်ပိုင်သင်္ဘောတွေက တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက် ပြီးနောက် ဖိလစ်ပိုင် သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ်က လိုအပ်သလို ကြပ်မတ်ဆောင်ရွက် ခဲ့တယ်လို့ ဖိလစ်ပိုင်မြို့တော် မနီလာမြို့က တရုတ်သံရုံးက စနေနေ့မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters