တောင်တရုတ်ပင်လယ်မှာ ၅ လကြာ တပ်ဖြန့်ချထားပြီးနောက် စက်တင်ဘာ ၁၅ ရက်မှာ ဆိပ်ကမ်းကို ပြန်ရောက်လာတဲ့ ကမ်းခြေစောင့်သင်္ဘောကို အစားထိုးဖို့ ဆာဘီးနားသောင်ခုံဆီ သင်္ဘောတစင်း စေလွှတ်လိုက်တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
တောင်တရုတ်ပင်လယ်တခုလုံးနီးပါး ပိုင်တယ်လို့ အခိုင်အမာ ပြောဆိုထားတဲ့ တရုတ်ပြည်မကြီး အစိုးရက ၃၁၈ ပေ ရှည်လျားတဲ့ ကမ်းခြေစောင့်သင်္ဘော ထရေဆာ မက်ဘာနူအာကို ရုပ်သိမ်းပေးဖို့ ဖိလစ်ပိုင်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
“ဖိလစ်ပိုင်ဘက်က လုပ်ရပ်တွေက တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ထိပါးသွားပါတယ်” လို့ တရုတ်ကမ်းခြေစောင့်တပ်က ပြောရေးဆိုခွင့်ရှိသူ လျိုတဲ့ကျွင်းက စက်တင်ဘာ ၁၅ ရက်မှာ ကြေညာချက်တရပ် ထုတ်ပြန်ပြောဆိုပါတယ်။
“နောက်သင်္ဘောတစီးက ချက်ချင်းတာဝန်ယူမှာပါ” လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အကြီးအကဲရဲ့ အမိန့်ကို ကိုးကားပြီး အမျိုးသား အဏ္ဏဝါရေးရာကောင်စီ (NMC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ အလက်ဇန္ဒားလိုပက်ဇ်က ပြောပါတယ်။
“သေချာပါတယ်၊ အဲဒီနေရာမှာပဲ ကျနော်တို့ ဆက်ရှိနေမှာပါ” လို့ သူက ဆက်ပြောပါတယ်။
ရှန်းဘင်သန္တာကျောက်တန်းလို့ တရုတ်က ခေါ်ပြီး ဖိလစ်ပိုင်က အဲ့စ်ကိုဒါသောင်ခုံ ဒါမှမဟုတ် ဆာဘီးနားသောင်ခုံလို့ ခေါ်တဲ့ ဒီရေတိမ်သောင်ခုံဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်ထဲမှာ တည်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ်ရဲ့ အနောက်ဘက် ၉၃ မိုင်အကွာမှာ တည်ရှိပါတယ်။
Source-Reuters