နေတိုးအဖွဲ့ ဒုတိယအတွင်းရေးမှူးချုပ် မီချာဂျေဝါနာဟာ ဘူလ်ဂေးရီးယား နိုင်ငံအတွင်း တပ်စွဲထားတဲ့ နေတိုးနိုင်ငံစုံ စစ်ရေးအဖွဲ့က လုပ်တဲ့ နှစ်စဉ်လေ့ကျင့်နေကျ အိုင်းယန်း စထရိုက်ခ် "Iron Strike" စစ်ရေး လေ့ကျင့်မှုအတွက် နို၀င်ဘာ ၁၀ ရက်မှာ ဘူလ်ဂေးရီးယားနိုင်ငံဆီ ရောက်လာပါတယ်။
"အယ်လ်ဘေးနီးယား၊ အိမ်ရှင်နိုင်ငံ ဘူလ်ဂေးရီးယား၊ ဂရိ၊ အီတလီ၊ မွန်တီနီဂရိုး၊ မြောက်မက်စီဒိုးနီးယား၊ တူရကီနဲ့ အမေရိကန် ပြည်ထောင်စုတို့က တပ်ဖွဲ့ဝင်တွေနဲ့အတူ နေတိုးရဲ့ စွမ်းဆောင်ရည်နဲ့ အပြန်အလှန် ပူးပေါင်းလုပ်ဆောင်နိုင် စွမ်းကို အားကောင်းမောင်းသန် ပြသနေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ" လို့ သူက ပြောပါတယ်။
ပင်လယ်နက်အတွင်း လုံခြုံရေးအတွက် နေတိုးရဲ့ ကတိကဝတ်နဲ့ ယူကရိန်းအပေါ် ခိုင်မာတဲ့ ပံ့ပိုးကူညီမှုကိုလဲ မီးမောင်းထိုးပြပါတယ်။
“အရပ်ဘက်သင်္ဘော လမ်းကြောင်းတွေအပါအဝင် မကြာသေးမီလတွေအတွင်း ပင်လယ်နက်မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေ တဟုန်ထိုး တိုးလာတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ရုရှားရဲ့ အန္တရာယ်များပြီး ပြင်းထန်တဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဒါကြောင့် နေတိုးနဲ့မဟာမိတ်တွေဟာ ရေကြောင်းကင်းလှည့် လေယာဉ်တွေ၊ NATO AWACS ထောက်လှမ်းရေး လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် ပင်လယ်နက်မှာ ထောက်လှမ်းရေး နဲ့ ကင်းထောက် တာဝန်တွေကို အရှိန်မြှင့်ထားပါတယ်” လို့ သူက ပြောပါတယ်။
“ပင်လယ်နက်ထဲမှာ မျောနေတဲ့ မိုင်းတွေရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ဘူလ်ဂေးရီးယားဟာ ရိုမေးနီးယား၊ တူရကီတို့နဲ့ ပူးပေါင်းလုပ်ဆောင် နေတာကို ဝမ်းသာအဲလဲ ကြိုဆိုပါတယ်။ ဒါဟာ ပင်လယ်နက်မှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ပြန်လည် ရရှိရေး အတွက် ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုမှာ အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတစ်ရပ်ပါပဲ” လို့ သူက ပြောပါတယ်။
မစ္စတာ ဂျေဝါနာဟာ မြောက်အတ္တလန္တိတ်ကောင်စီရဲ့ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ အတူ ဘူလ်ဂေးရီးယားနိုင်ငံဆီ ရောက်လာတာပါ။
ဘူဂေးရီးယားဝန်ကြီးချုပ် နီကိုလိုင်ဒန်ကို့ဗ်နဲ့ ကာကွယ်ရေးဝန်ကြီး တိုဒို တက်ဂါရက်ဖ်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အီမီးလ် အက်ဖ်တိုင်မုဖ် တို့အပါအဝင် တခြားဘူလ်ဂေးရီးယား အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နေတိုးရဲ့နိုင်ငံစုံ စစ်မြေပြင်အဖွဲ့က မဟာမိတ်တပ်သားတွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
Source/Photo-Reuters