ကရင်နီ(ကယား)ပြည်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၁ စင်းကို ပစ်ခတ်ခဲ့ပြီးနောက် ပျက်ကျသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက ပြောပါတယ်။
ဒီနေ့ ကရင်နီပြည်နယ်က တော်လှန်ရေးတပ်တွေဖြစ်ကြတဲ့ KA၊ KNDF၊ KNPLF၊ DMO PDF၊ Loikaw PDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ မြို့ပြပျောက်ကျားတပ်နဲ့ ရှမ်းတောင် PDF တို့ ပူးပေါင်းပြီး ၁၁၁၁ ဆိုတဲ့ စစ်ဆင်ရေးနဲ့ ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းတွေအပါအဝင် မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း ၇ ခုကို စတင်သိမ်းယူနိုင်တယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။
KNDF ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ရှိသူတယောက်က “ဂျက်လေယာဉ်ပေါ့။ ဂျက်ဖိုက်တာ ၁ စင်းကို ကျနော်တို့ KA (ကရင်နီတပ်မတော်)ရယ်၊ KNDF ကနေပြီးတော့မှ ပစ်ချလိုက်တာဖြစ်ပါတယ်။ ဒီးမော့ဆို လွိုင်ကော်နယ်စပ်မှာ ကယားဖြူ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းအပြီးမှာ လေယာဉ်နဲ့ လာပစ်တဲ့အတွက် ကျနော်တို့က ပွိုင့်ဖိုက်တွေနဲ့ တန်ပြန် ပစ်ခတ်လိုက်ပါတယ်။ အဲဒီမှာ လေယာဉ်ကိုထိပြီးတော့ မီးခိုးတွေအူပြီးတော့ ဖရူဆိုမြို့နယ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
လေယာဉ်မှူးတွေကတော့ ထွက်ပြေးလွတ်မြောက်နေသေးပြီး သူတို့ကိုမိဖို့ အပြင်းအထန် လိုက်ရှာနေတယ်လို့လည်း ဆိုပါတယ်။
လေယာဉ်ကလည်း ဘယ်မှာပျက်ကျနေတယ်ဆိုတာ လိုက်ရှာနေဆဲဖြစ်ပြီး လေယာဉ်မှူးတွေရဲ့ လေထီးနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပဲ တွေ့ထားတာလို့ ပြောပါတယ်။
ဒီနေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးသူ အများအပြားရှိသလို ထွက်ပြေးသွားသူတွေနဲ့ ဖမ်းဆီးမိသူတွေလည်း အများအပြားရှိပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း တချို့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။