ရန်ကုန်မြို့က စက်သုံးဆီဆိုင်အများစုမှာ ဆီပြတ်တောက်ပြီး လိုသလောက်ဝယ်မရဘူးလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ စက်သုံးဆီ အရောင်းဆိုင်အများစုမှာ ဒီဇယ်ကိုပဲ ရောင်းချပေးနေပြီး 92 နဲ့ 95 ဆီ ပြတ်တောက်နေတာကြောင့် အရောင်းရပ်ထားကြတယ်လို့ သိရပါတယ်။
ဆီဝယ်ယူရရှိတဲ့ အရောင်းဆိုင်တချို့မှာလည်း အချိန်အကြာကြီး တန်းစီ စောင့်ဆိုင်း ဝယ်ယူတာတွေ ရှိနေပေမယ့် အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတယ် လို့လည်း သိရပါတယ်။
အသက် ၄၀ အရွယ် အငှားယာဉ်မောင်းတယောက်က "ရန်ကုန်မှာ ဆီဆိုင်တွေသာ များတာ၊ ဝယ်ရတဲ့ ဆိုင်က လက်ချိုးရေလို့ရတယ်။ ရတဲ့ ဆိုင်နည်းနည်းလေးမှာပဲ စုဝယ်နေကြတော့ ကားလမ်းတွေပါ ပိတ်ကုန်တယ်။ အချိန်ကုန်ခံ စောင့်ဝယ်လည်း လိုသလောက် ဝယ်မရဘူး ။ခွဲတမ်းနဲ့ပဲ ရောင်းပေးနေတာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ စက်သုံးဆီ ဝယ်ယူရခက်တဲ့ ပြဿနာတွေ မကြာခဏဖြစ်ပေါ်ခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်းမှာလည်း လောင်စာဆီဈေးတွေ ပြန်ကျရိပ်ပြနေပေမယ့် ဆိုင်တွေမှာ ဆီပြတ်တောက်ပြီး ဝယ်ယူရခက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာပါ။
အငှားယာဉ်မောင်းတယောက်ကလည်း “၃ ရက်လောက်ရှိပြီ။ ဆီဝယ်ရခက်တာ။ ဒီတခါ ဆီဝယ်မရတာက ဆီဈေးပြန်ကျနေလို့ မဟုတ်ဘူး။ ဆိုင်တွေမှာ ဆီပြတ်နေတာလို့ ကြားတယ်။ ဆိုင်တိုင်းနီးပါးက ဆိုင်ပေါက်ဝမှာ ထိုင်ပြီး လက်ခါပြနေတာ။ ဆီရတဲ့ဆိုင် နည်းတော့ ဝယ်ရအတော်ခက်တယ်” လို့ ပြောပါတယ်။
ဒီကနေ့ ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92 တလီတာကို ၂,၀၆၀ ကျပ်၊ အောက်တိန်း-95 တလီတာကို ၂,၁၆၀ ကျပ်၊ ပရီမီယမ်ဒီဇယ်ဆီ တလီတာကို ၂,၃၁၅ ကျပ်၊ ရိုးရိုးဒီဇယ်ဆီ တလီတာကို ၂,၃၂၀ကျပ် နဲ့ သတ်မှတ်ရောင်းချကြပြီး ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ် အတွင်းက အောက်တိန်း 92 တလီတာ ၂,၄၄၀ ကျပ်၊ အောက်တိန်း 95 တလီတာ ၂,၅၆၅ကျပ်၊ ဒီဇယ်တလီတာ ၂,၆၅၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂,၇၂၅ ကျပ် ထိ ရှိခဲ့ပါတယ်။