ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခမှာ ပါလက်စတိုင်းနဲ့ အစ္စရေး ၂ ဖက်စလုံးမှ လူပေါင်း ၁၂,၄၀၀ ကျော် သေဆုံးခဲ့ကြောင်း ၂ ဖက်စလုံးရဲ့ ကျန်းမာရေးအာဏာပိုင်တွေက သောကြာနေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဟားမတ်စ်-အစ္စရေး ပဋိပက္ခ စတင်ဖြစ်ပွားလာတဲ့ အောက်တိုဘာ ၇ ရက်ကတည်းက သောကြာနေ့အထိ လူပေါင်း ၁၁,၀၇၈ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အနောက်ဘက်ကမ်းမှာ သေဆုံးသူ ၁၈၃ ဦး ရှိကြောင်းလည်း သိရပါတယ်။
အစ္စရေးက အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေကို အရင်ခန့်မှန်းထားချက် ၁၄၀၀ ကနေ ၁၂၀၀ ထိ လျှော့ချခဲ့ပါတယ်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးရဲ့ အဆိုအရ အမည်မသိ အလောင်း တွေ အများအပြား ရှိနေတဲ့ အချက်ကြောင့် ပြန်လည် ပြင်ဆင်ခဲ့တာလို့ ဆိုထားပြီး သေဆုံးသူတချို့ဟာ အစ္စရေးထက် ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဖြစ်ကြောင်း အစ္စရေးက ယူဆထားပါတယ်။
ဂါဇာကမ်းမြောင်ရှိ ဆေးရုံအများအပြားကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်မှ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဌာနရဲ့ အဆိုအရ ပဋိပက္ခဖြစ်ပွားပြီးကတည်းက ဂါဇာရှိ ဆေးရုံပေါင်း ၃၅ ရုံအနက် ၂၁ ရုံကို ပိတ်ထားရကြောင်း သိရပါတယ်။
အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာကမ်းမြောင်ရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုက်ခိုက်မှုပေါင်း ၂၇၀ ကျော် ရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လူနာတင်ယာဉ် ၅၇ စီး ထက်မနည်း ထိခိုက်ခဲ့ပြီး ၄၅ စီးမှာ လုံးဝ ပျက်စီးသွားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်တွေနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ဂါဇာကမ်းမြောင်မှာ အရပ်သားသေဆုံးမှု မြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံ အတွင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဟားမတ်စ်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်ကလည်း အခုခဆိုရင် ဂါဇာကမ်းမြောင်ရှိ အရေးကြီးတဲ့ ဟားမတ်စ် စခန်းတွေကို သိမ်းပိုက်နိုင်ပြီ လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်တွေကို ဖယ်ရှားပြီးရင် ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေးကို အစ္စရေးက အလုံးစုံ ထိန်းချုပ်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သောကြာနေ့မှာ ပြောခဲ့ပါတယ်။
ပါလက်စတိုင်းသမ္မတ မာမွတ် အက်ဘာ့စ်က ဂါဇာကမ်းမြောင်ဒေသကို ပြန်လည် သိမ်းပိုက်ခြင်း ဒါမှမဟုတ် ဘယ်လိုအကြောင်းပြချက်နဲ့ သိမ်းပိုက်ခြင်းတွေကို လုံးဝလက်မခံကြောင်း ထပ်မံ အတည်ပြု ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters