နယူးယောက်မြို့ မြို့တော်ဝန်ရဲ့ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေရှာဖွေသူရဲ့နေအိမ်ကို စီးနင်းခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဒီသီတင်းပတ် အစောပိုင်းမှာပဲ FBI အေးဂျင့်တွေဟာ နယူးယောက်မြို့တော်ဝန် အဲရစ်ခ်အဒမ်စ်ဆီမှ အီလက်ထရွန်နစ် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီကိစ္စနဲ့ရင်းနှီးသူ ၂ ဦးကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာက နိုဝင်ဘာ ၁၀ ရက် ဖော်ပြပါတယ်။
ဖက်ဒရယ် အာဏာပိုင်တွေဟာ ၂၀၂၁ မြို့တော်ဝန်မဲဆွယ်ပွဲမှာ နိုင်ငံခြားငွေတွေ ပုံအောရရှိအောင် နိုင်ငံရေးအရ အလှူငွေထည့်ဝင်တယ်ဆိုပြီး ဘရွတ်ကလင် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ တူရကီ အစိုးရတို့ ပူးပေါင်း ကြံစည်ခဲ့ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း နယူးယောက် တိုင်းမ်စ်မှာ ဖော်ပြပါတယ်။
မြို့တော်ဝန်ရဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ သတင်းတွေကို မှတ်ချက်ပေးဖို့ FBI က ငြင်းဆိုခဲ့ပါတယ်။
မြို့တော်ဝန် အဒမ်စ်ရဲ့ ရုံးကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း အကြောင်း မပြန်ခဲ့ပါဘူး။
မြို့တော်ဝန်ဆီက သိမ်းဆည်းရမိတဲ့ စက်ပစ္စည်းတွေဖြစ်တဲ့ ဆဲလ်ဖုန်း ၂ လုံးနဲ့ အိုင်ပက်ဒ် တို့ကို ရက်ပိုင်းအတွင်း ပြန်လည်ပေးအပ်ခဲ့ကြောင်း နယူးယောက်တိုင်းမ် က ဆိုပါတယ်။
FBI အေးဂျင့်တွေဟာ မြို့တော်ဝန် အဒမ်စ်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေပွဲ အကြီးအကဲ ဘရိုင်ဘန်နာ ဆပ်ဂ်စ်ရဲ့နေအိမ်ကို နိုဝင်ဘာ ၂ ရက်က ရှာဖွေခဲ့ပြီး သူ့ကို အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးတွေက စစ်ဆေးမေးမြန်းခဲ့တယ်လို့ မြို့အာဏာပိုင် တွေနဲ့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
တရားဥပဒေစိုးမိုးရေး အရာရှိတွေဟာ မကြာသေးခင် လတွေအတွင်း မြို့တော်ဝန် အဒမ်စ်ရဲ့ တခြားလုပ်ဖော်ကိုင်ဖက်များစွာကိုလည်း စုံစမ်းစစ်ဆေးခဲ့ပါတယ်။
မြို့တော်ဝန် အဒမ်စ်ကတော့ သူနဲ့ သူ့ရဲ့ မဲဆွယ်အဖွဲ့ဟာ စွပ်စွဲထားတဲ့ ကိစ္စတွေကို သိရှိခြင်းလည်း မရှိ၊ ပါဝင်ပတ်သက်ခြင်းလည်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters