ရှမ်းမြောက်တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုတွေများနေတဲ့ စစ်ကောင်စီတပ်တွေ အားတက်လာစေဖို့ တပ်ထောက်ခံပွဲနဲ့ KIA/ TNLA/ MNDAA/ BPLA၊ AAနဲ့ PDF ကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော်၊ ဇမ္မူသီရိမြို့နယ် ရွှေကြာပင်ဘောလုံးကွင်းမှာ နိုဝင်ဘာ ၁၁ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့မနက် တပ်ထောက်ခံပွဲကို အမျိုးသားရေးသမားတွေကဦးဆောင်ပြီး စစ်မှုထမ်းဟောင်းတွေ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊ တပ်ထောက်ခံသူတွေနဲ့ တပ်လော်ဘီတွေ လာရောက်ခဲ့တယ်လို့ ဇမ္မူသီရီမြို့ခံတဦးက ပြောပါတယ်။
"ဒီနေ့ တစ်းလေးလုံး ကမ်ပိန်းရှိလို့ အမျိုးသားရေးသမားတွေက တန်ပြန်သဘောမျိုးနဲ့လုပ်တာ။ ရှေတန်းက စစ်သားတွေအားတက်အောင် ထောက်ခံပွဲလုပ်တဲ့သဘောလည်းဖြစ်တယ်။ ပြည်သူဆိုတဲ့နေရာမှာ အာဏာရှင်စနစ်ထောက်ခံတဲ့သူပဲ ပါတယ်။ ဇမ္မူသီရိမြို့နယ်မှာရှိတဲ့ သူတောင်ပါတာနည်းတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တခြားပြည်နယ်နဲ့ တိုင်းက အမျိုးသားရေးသမားတွေ ပဲပါတယ်။”
ဆန္ဒပြပွဲတက်ရောက်လာသူတွေက KIA/TNLA/MNDAA/BPLA၊ AAနဲ့ PDF တွေအလိုမရှိလို့ အော်ဟစ်ကြသလို စစ်ကောင်စီတပ်တွေ ကျန်းမာကြပါစေလို့ ပြောဆိုတာလည်းရှိတယ်လို့ ရွှေကြာပင်ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ရွှေကြာပင်ရပ်ကွက်မှာနေတဲ့သူတောင်မသွားဘူး သူ့လူနဲ့သူလုပ်ပြီး ပြည်သူဆိုတဲ့နာမ်စားကို သုံးတာ။ ကားတွေနဲ့ ဘယ်ကလာကြမှန်းမသိဘူး။ အရင်ရက်တွေကတည်း နေပြည်တော် ၈ မြို့နယ်မှာ လူစုနေတာတွေရှိတယ်။ နေ့စားနဲ့လိုက်ခေါ်တာလည်းရှိတယ် "လို့ ပြောပါတယ်။
ဒီကနေ့တပ်ထောက်ခံပွဲနဲ့ တော်လှန်ရေးအဖွဲ့အစည်းများရှုတ်ချပွဲကို စစ်မှုထမ်းဟောင်းတွေ ၊ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ တပ်ထောက်ခံသူအင်အားရာနဲ့ချီ ကားတွေနဲ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြထောက်ခံပွဲပြုလုပ်ရာ ရွှေကြာပင်ဘောလုံးကွင်းအနီး စစ်ကောင်စီတပ်၊ ရဲနဲ့စရဖအဖွဲ့ တွေ လုံခြုံရေးချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၉ ရက်နဲ့ ၂ ရက်နေ့ကလည်း စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးသမားတွေပူးပေါင်းကာ KIA နဲ့ PDF အဖွဲ့တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဧရာဝတီ (ရတနာပုံ)တံတားမှာ နိုဝင်ဘာလ ၈ ရက်က စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးသမားတွေက KIA/KIO ကိုဆန္ဒပြခဲ့ကြပါတယ်။