ဒနစ်ပရို မြစ်အရှေ့ဘက်ကမ်းနဲ့ အနားက ကျွန်းတွေပေါ်မှာ ခြေကုပ်ယူဖို့ ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကို တားဆီးခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ယူကရိန်းစစ်သား ၅၀၀ လောက် သေဆုံး ခဲ့တယ်လို့ ရုရှားစစ်တပ်က နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ စစ်မြေပြင်ပြောဆို ချက်ကို သီးခြားအတည် မပြုနိုင်သေးပါဘူး။
ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသမှာလဲ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ ခါဆွန်ဒေသနားမှာ ခြေလှမ်းတွေ ကောင်းနေပြီး ယူကရိန်း တောင်ဘက်နဲ့ အရှေ့ဘက်မှာ တဖြည်း ဖြည်း တိုးတက်လာနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူး တစ်ခုမှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ယူကရိန်းဟာ အောက်တိုဘာလလယ်မှာ ခါဆွန်ဒေသထဲက ဒနစ်ပရိုမြစ်ကို ဖြတ်ကျော် တိုက်ခိုက်ခဲ့ပုံရပြီး အရှေ့ဘက်ကမ်းမှာ ယူကရိန်းက မြေပြင် စစ်ဆင်ရေး တွေ ဆက်လုပ်နေတာကို ရုရှားစစ်ဘက် ဘလော့ဂါတွေက အစီရင်ခံခဲ့တယ်လို့ အမေရိကန် အခြေစိုက် စစ်လေ့လာရေး အင်စတီကျုက ခုသီတင်းပတ်မှာ ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက် ဖြစ်စဉ်မှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းစစ်သားအများစုကို သတ်ခဲ့ပြီး ၁၁ ဦးကို အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရုရှားရဲ့ နောက်ဆုံးထုတ်ပြန်ချက်က ဆိုပါတယ်။
ရလဒ်အနေနဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးလ် ရွှိုင်ဂူက ရဲစွမ်းသတ္တိနဲ့ သူရဲကောင်းဆန် မှုအတွက် နိုင်ငံ့ဂုဏ်ထူးဆောင် ဆုတွေ ပေးအပ်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
ကျွန်းတွေနဲ့ ဒနစ်ပရိုမြစ် အရှေ့ဘက်ကမ်းက ခြေကုပ် နယ်မြေတွေကို သိမ်းပိုက်ဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှု အများအပြား မအောင်မြင်ခဲ့ဘူးလို့ အဲဒီကြေညာချက်က ဖော်ပြထားပါတယ်။
Source/Photo-Reuters