အဘစောမူးသာ၊ စစ်ပြန်ကြီးအဘလုံးတုံးတို့နှင့် ရွာတောင်ကျောင်းသို့ လိုက်ခဲ့ရပြန်ပါလေ၏။ စိမ်းသရဖူစိမ်း အဘစိမ်းမောင်ခေါ်၍ လာခဲ့ကြတာဖြစ်ပါ၏။ ကျောင်းရှေ့ အစိမ်းရောင် အုတ်တံတိုင်းကြီးကား မိုးရေများ၏ဒဏ်ကြောင့် အစိမ်းစစ်စစ်မဟုတ်တော့ဘဲ ကွက်တိကွက်ကြား ဖြစ်နေပါ၏။
ကျောင်းအောက်ရောက်တော့ ကျောင်းပေါ်မှ စကားသံများကို ကြားကြရလေရာ အားလုံး ပြုံးကြရပါ၏။ အစိမ်းဆရာတော်နှင့် အစိမ်းဒကာတော်တို့၏ လိုက်ဖက်တဲ့ဘဝ စကားအလှများပါပေ။
“စခန်းတွေသိမ်းတယ်၊ မြို့တွေသိမ်းတယ်ဆိုတာ ဘယ်ကလာဟုတ်ရမလဲကွာ၊ အလိမ်အညာတွေဟ သိမ်းမောင်ရ”
“တင်ပါ့၊ ဒီကောင်တွေက ဘယ်လောက်စွမ်းလို့ သိမ်းနိုင်ရမှာလဲဘုရာ့၊ အလကား ပေါက်တတ်ကရတွေပါ”
အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား ပြုံးစိပြုံးစိနှင့် ဖေကြီးကို ပြိုင်တူကြည့်ကြ၏။ ကျောင်းပေါ်သို့ရောက်တော့ ဆရာ ဒကာတို့ စကားသံများ တိတ်သွားပါလေ၏။ ဖေကြီးတို့ ဆရာတော်ကို ဝတ်ပြုအပြီး အဘစောမူးသာက ဤသို့ပြောပါလေ၏။
“တပည့်တော်တို့ အကြံပြုချင်တာကတော့ ‘မြဝတီ’ လည်း ကြည့်ချင်ကြည့်ပါ၊ ကျန်တဲ့ သတင်းအမှန်တွေ တင်ပေးနေတဲ့ မီဒီယာတွေကိုလည်း ချန်မထားစေချင်ဘူး ဘုရာ့”
“ငါတို့က ပေါက်တတ်ကရတွေ ကြည့်တာမဟုတ်ဘူး မူးသာရ”
“ဒီမယ်စိမ်းမောင် . . . မင်းတို့တွေ လက်ရှိ အခြေအနေ အစစ်အမှန်ကို မသိဘဲ တလွဲတွေ ဖြစ်ကုန်မှာကို စိုးရိမ်လို့ အကြံပေးတာပါဟ”
သို့ဖြင့် ခေါ်ရင်းကိစ္စကို မေးလေရာ အဘစိမ်းမောင်က သူရယ် သူ့သားကြီး လေမောင်ရယ် အငယ်ကောင် စိမ်းကိုကိုရယ် ရဟန်းခံကာ ဒုလ္လဘဝတ်ကြမည်ဖြစ်၍ ဝိုင်းဝန်းကူညီကြရန် ဖြစ်ကြောင်း ပြောပြပါလေ၏။
“ဟေ . . . မင်းတို့သားအဖတွေက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး သင်္ကန်းစည်းဖြစ်ကြတာလဲဟ”
“ငါတို့သားအဖတွေအပြင် စိမ်းလွင် . . အဲ . . အဲ . . . သိန်းလွင်လည်း ပါမယ်ကွ”
အဘသိန်းလွင်ကား ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်၏ လက်ရုံးဖြစ်ပြီး သူတို့အစိမ်းပါတီမှ အမာခံဖြစ်ကာ ရွာကတော့ ‘စိမ်းလွင်’ ဟုသာ ခေါ်ကြပါလေ၏။ အဘလုံးတုံးက ပြုံးစိစိနှင့် ဝင်ပြောလာပါလေ၏။
“မင်းတို့ကောင်တွေ အခုလိုအချိန်ကြီး သင်္ကန်းစီးတာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား”
“အဲ . . . ဘာလဲဟလုံးတုံးရ၊ သင်္ကန်းစည်းတာပဲ ဘာဖြစ်လဲဟ”
“သိပါဘူးကွာ မြို့တော်ရန်ကုန်က ‘အဘ အဘ’ နဲ့ မြူးထူးပျော်ပါးပြီး ဘောမ (ေ...ာမ) နေကြတဲ့ ဂီတ ရုပ်ရှင် သဘင်က ‘အဖြူရောင် အနုပညာရှင်’ ဆိုသူတွေလိုမျိုး ရုတ်တရက်ကြီး သာသနာ့ဘောင်ကို ခိုလှုံကြတာများလားလို့ပါဟ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ကျွန်ုပ်တို့ ရုတ်တရက် ထရယ်မိလိုက်ကြလေရာ ဆရာတော် ဦးအစိမ်းတနှင့် ဒကာကျော် ဦးအစိမ်းမတို့မှာ မျက်နှာကြီးတွေ တည်သွားကြပါလေတော့၏။ ပြီးတော့ ဆရာတော်က မေးခွန်းထုတ်လာပါ၏။
“ဂီတ သဘင် ရုပ်ရှင် အနုပညာသမားတွေက ဘာဖြစ်လို့ သာသနာ့ဘောင်ဝင်ကြတာလဲ လုံးတုံးရ”
“ဘာဖြစ်လို့ရမလဲဘုရာ့ . . . ‘ရှေ့တန်း’ လိုက်ရမှာကို ကြောက်လန့်စိုးရိမ်ကြလို့ပေါ့”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
မအလခန့်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်မောင်မောင်အုန်းက ရှေ့တန်းမှာ သက်စွန့်ဆံဖျား ထွက်ပြေး အလံဖြူထောင် လက်နက်ချ အညံ့ခံနေကြတဲ့ စစ်သားတွေ ရဲတွေ ပြည်သူ့စစ်တွေ ပျူစောထီးတွေ အားတက်လာအောင် အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေပေးကြဖို့ စီစဉ်နေပြီဖြစ်တဲ့အတွက် ‘အဖြူရောင်အနုပညာရှင်တွေ’ အားလုံး တက်ကြွသည့် ကြက်ဖကြီးများကဲ့သို့ ရှေ့တန်းစခန်းအသီးသီးသို့ လိုက်ပါဖြေဖျော်ကြပါစို့ဟု ‘သူခိုး သေဖော်ညှိ’ အစီအစဉ် ချပြခဲ့တာကို မြဝတီမှာ ကြည့်ရတယ်မဟုတ်လားဟုမေးရာ ဆရာတော်က ပြန်လည်မိန့်ကြားပါလေ၏။
“ကြည့်ရတယ်လေကွာ . . . အဲဒါ သိပ်ကိုကောင်းတဲ့ အစီအစဉ်ပဲကွ၊ ဟိုးတုန်းကလည်း ဒီလိုပဲ ရှေ့တန်းမှာ သွားဖျော်ဖြေခဲ့တဲ့ အစဉ်အလာ ရှိခဲ့တာကို ပြန်လည်ဖော်ထုတ်တာပေါ့ဟ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“ဘာထရယ်တာတုန်း လုံးတုံးတို့ မူးသာတို့”
“ဟိုးတုန်းက တပည့်တော်မှတ်မိတာဆိုရင် ဒေါ်စံရှားတင်တို့ ဒေါ်နွဲ့နွဲ့စမ်းတို့ ဂျော်လီဆွေတို့ . . . အများကြီးပါပဲ၊ ရှေ့တန်းမှာ သွားပြီး ဖျော်ဖြေခဲ့ကြတာ”
“အေးလေ . . အဲသည်အစဉ်အလာမျိုးပေါ့”
“အဲသည်ခေတ်တုန်းက တရုတ်ဖြူ ‘ကူမင်တန်’ တွေနဲ့ တိုက်ခဲ့တဲ့ ရှေ့တန်းစခန်းတွေ ထင်တယ်နော် ကိုယ်တော်”
“အဲ . . . အင်း . . . ဟို . . .”
အမိမြေကို တလက်မမျှ အကျူးမခံ ပြည်ပရန်ကို တွန်းလှန်ခဲ့ကြတဲ့ အချိန်တုန်းက သွားရောက်ဖျော်ဖြေခဲ့ကြတဲ့ အဲသည်ခေတ်က အနုပညာရှင်တွေဟာ တကယ့်ကို ပျော်ရွှင်ခဲ့ကြတဲ့ မျက်နှာတွေနဲ့ ဂုဏ်ယူစရာကိစ္စကြီးပေါ့ဟု အဘလုံးတုံးက မှတ်ချက်ပြုပါလေ၏။
“အခုလည်း အဲသည်လိုပဲပေါ့”
“အခြေအနေက လုံးဝကို မတူဘူး ဘုရာ့”
“အခုလည်း ‘အချုပ်အခြာအာဏာ’ ကို ထိပါးလာတာပဲလေကွာ”
“ခေတ်တို့ ကာလတို့ အချိန်အခါတို့ လက်ရှိ နိုင်ငံ့အခြေအနေတို့က အဲသည်အတိတ်ကာလနဲ့ ဘယ်လိုမှ မတူတော့ဘူးဘုရာ့၊ အခုဟာက မတရား ‘လုယူ’ သွားတဲ့သူဆီကနေ အသာတကြည် ပြန်တောင်းတာကို မပေးဘဲ နင်ပဲငဆ ပုဆိုးလှန်ပြပြီး ရိုက်မောင်းပုတ်မောင်းလုပ်လာလို့ ပြန်ဝင်လုံးနေကြရတာ”
“. . . . . .”
ဆရာတော်ကား နှုတ်ဆိတ်တော်မူသွားကာ ကျောင်းအောက်သို့ ငေးတော်မူနေပါလေ၏။ ဘယ်စကားကို ဘယ်လိုဆက်ရမလဲဆိုတာလည်း တွေးတော်မူနေတာဖြစ်မှာပါ။ ခဏနေတော့ သူအဖြေမရသေးသည့် ‘အဖြူရောင် အနုပညာရှင်တွေ’ သာသနာ့ဘောင် ဝင်ကြတဲ့ အကြောင်းကို သတိရကာ မေးလာပါလေ၏ ခင်ဗျာ။
“အရှင်ဘုရားတို့လိုပဲ စကစဥက္ကဋ္ဌကြီးလုပ်သမျှ လက်ခုပ်လက်ဝါးတီးကာ ‘မ’ နေကြတဲ့ အမျိုးသားအနုပညာရှင်တွေက ခုရက်ထဲမှာပဲ ရုတ်တရက် သင်္ကန်းတွေ ဝတ်ကြတယ်။ အမျိုးသမီး အနုပညာရှင်တွေက ဆံပင်တွေကို အဆုံးရှုံးခံပြီး မယ်သီလရှင်တွေ ဝတ်ကြတယ်”
“အေးလကွာ . . . အဲဒါကို မေးနေတာ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
(ဂ)
ဆရာတော်ကား စိတ်ရှည်တော်မူဟန်မတူ။ အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား ‘ကောက်ပင်ရိတ်လှီး’ စကားပြောနည်းကဲ့သို့ တဖက်မှာ မိမိရရ ပိုင်ပိုင်နိုင်နိုင် စုသိမ်းဆုပ်ကိုင် နေကြသည့် ပုံသဏ္ဌာန်ပါလေ။
“အချို့အဆိုတော်တွေကလည်း ရုတ်တရက်ကြီးပဲ ‘အနိစ္စ ဒုက္ခ အနတ္တ’ သဘောကို စောကြောမိပြီး ‘တရားစခန်းတွေ’ ဝင်နေကြသတဲ့”
“အချို့ မင်းသမီး မင်းသားနဲ့ အဆိုတော်တွေကျတော့ အိမ်တံခါးတွေသော့ပိတ်၊ သုံးနေကျဖုန်းတွေ ပါဝါပိတ်ပြီး နယ်ဘက်က မထင်မရှား သာသနာ့နယ်မြေတွေမှာရှိတဲ့ သစ်တပင်အောက်မှာ ဝါးတပင်အောက်မှာ ရောက်ရှိနေထိုင်ကာ ‘စတေးရှောင်’ နေကြပြီတဲ့ ဘုရာ့”
“ကောင်းတာလုပ်တာပဲကွာ . . . ‘သာဓု’ ခေါ်ရမှာပေါ့”
“အရှင်ဘုရားကသာ ‘သာဓု’ ခေါ်နေတာ . . အရှင်ဘုရားတို့ ကြိုက်နှစ်သက်ပြီး ‘အလုံး’ ကြီးကြီးတွေ ထွက်နေကျ သူ့ကိုယ်သူ ‘ဆရာ .. . ဆရာ’ ဆိုတဲ့ ‘မိုးဟိန်း’ ကတော့ အဲသည် ‘တရားရှာ’ နေတဲ့သူတွေကို ပတ်ရမ်းနေပြီ”
“ဟေ . . .”
“သာတုန်းကကျတော့ အဘ အဘနဲ့ ဝိုင်းညာစားကြပြီး အခုလို အဘလည်းနာရော တကယ်တမ်း လိုအပ်တဲ့အချိန်လည်းကျရော ဟိုရှောင် ဒီရှောင်နဲ့၊ အသက်နဲ့ရင်းထားတဲ့ သူတွေကို ဖျော်ဖြေပေးဖို့တောင် ဟိုဆင်ခြေပေး၊ ဒီဆင်ခြေပေးနဲ့၊ ခင်ဗျားတို့လည်း အလကား သာပေါင်းညာစား အနုပညာရှင်တွေပဲ၊ အမိန့်နဲ့သွားမှ အာဏာနဲ့သွားမှ ရမယ့်ဟာတွေ” လို့တောင် ‘လောင်’ နေပါပြီဗျား”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
ဆရာတော်ကော အဘစိမ်းမောင်ပါ တိတ်သွားကြပါ၏။ “ဒါနဲ့ မင်းတို့က ဘယ်နေ့ သင်္ကန်းဝတ်မှာလဲ” ဟု အဘလုံးတုံးကမေးရာ “ဒီညနေပဲ” ဟု ဖြေသံကြားရပါ၏။ “မြန်မြန်ဝတ်လေ ကောင်းလေပေါ့ကွာ” ဟု ထပ်ပြောပြန်ရာ “ဘာဖြစ်လို့လဲ” ဟု ပြန်မေးပါ၏။
“ဘာဖြစ်ရမလဲဟ . . . အခုတောင်မှ မအလနဲ့ပေါင်းနေတဲ့ အနုပညာသမားဆိုသူတွေ ရှေ့တန်းလိုက် ဖျော်ဖြေရမယ်လည်းဆိုရော ပြေးကုန်ကြပြီမဟုတ်လား၊ ဘုန်းကြီးတွေ ဝတ်ကုန်ကြပြီမဟုတ်လား”
“အဲဒါ ငါတို့နဲ့ ဘာဆိုင်လို့လဲ မူးသာရ”
“ဒီလိုလေကွာ . . . အခု တပ်မှာ လူအင်အားမရှိတော့ဘူးဆိုတော့ ရဲတွေပါ ဝင်တိုက်ပေးနေရပြီ။ ဒါလည်း မလုံလောက်သေးတော့ ပြည်သူ့စစ်တွေ ပျူစောထီးတွေပါ ရှေ့တန်းမှာ ‘လူသားဒိုင်း’ ဖြစ်ပြီး တမလွန်ကို ရောက်ကုန်ပြီ”
“. . . . . . . “
“အခုက ခြေလျင်တပ်တွေက လူတွေသာ မဟုတ်တော့ဘူး၊ ကပစတပ်တွေက လူတွေပါ ရှေ့တန်းပို့နေပြီ။ သူတို့တင်မကဘူး ‘အပ်’ ကိုင်ပြီး လူ့အသက်ကယ်ရမယ့် ‘စစ်ဆေးဆရာဝန်’ တွေပါ ရှေ့တန်းအပို့ခံနေရပြီ”
“. . . . . .”
“ဒါတင်ဘယ်ကမလဲဟ . . . စစ်တက္ကသိုလ်တွေက နည်းပြတွေ ကထိကတွေ ပါမောက္ခကြီးတွေပါ စာသင်ခြင်းအလုပ်ကို ရပ်ထားရပြီး ရှေ့တန်းအပို့ခံရလို့ မြန်မာပြည်အနှံ့မှာ ‘မြေသြဇာ’ တွေ ဖြစ်ကုန်ကြပြီလေ”
“. . . . . .”
“အင်အားမရှိတော့တဲ့ မင်းတို့အဘ မအလဟာ နောက်ပိတ်ဆုံးအချိန်မှာ မင်းတို့လို အစိမ်းပါတီ အမာခံပုဂ္ဂို လ်တွေကိုလည်း ယူနီဖောင်းတွေ အတင်းစွတ်ပေးပြီး ‘မပြန်လမ်းရှေ့တန်း’ ကို ပို့ရတော့မယ်ဆိုတာ သူတွက်ချက်ပြီးသွားပြီကွ”
“ငါပြန်ပြီး ပြင်လိုက်ဆင်လိုက်အုံးမယ်”
အဘစိမ်းမောင်ကား ဤစကားဝိုင်းမှ ရှောင်ခွာတိမ်းချင်နေသည်မှာ ကြာပြီဖြစ်၏။ ညနေ သင်္ကန်းစည်းရန် အိမ်မှာ ပြင်ဆင်စရာများကို ပြင်ဆင်ရအုံးမည်ဆိုကာ ပြန်ဖို့ ထပါလေ၏။
“အေး အေး . . . မြန်မြန်ပြန်ပြီး မြန်မြန်ပြန်လာ။ သင်္ကန်းကို မြန်မြန်စည်း။ တော်ကြာ အချိန်မမီဘဲ ခေါင်းတုံးတုံးနေတုန်း မအလတွေက လာခေါ်လို့ ခေါင်းကွက်ကြားကြီးနဲ့ ရှေ့တန်းကို ပါသွားရင် အဆင်ပြေမယ်မထင်ဘူးဗျား”
“ဝါး . . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး (လေရှီး)