မျက်နှာဖုံးတပ်ဆင်ထားတဲ့ စစ်တပ်ထောက်ခံသူ လူ ၅၀ လောက်ဟာ မြစ်ကြီးနားမြို့က မနောကွင်းထဲမှာ KIA/KIOအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တယ်ဆိုပြီး ဓာတ်ပုံ ရိုက်ကူးနေတုန်း ကချင်လူမျိုးရိုးရာယဥ်ကျေးမှုအသင်းတာဝန်ရှိသူတွေ သွားရောက် မေးမြန်းတဲ့အခါ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလူစုဟာ မွန်းလွဲပိုင်းအချိန်က စီတာပူရပ်ကွက်၊ မနောကွင်းထဲက မနောတိုင်ရင်ပြင်ရှေ့မှာ KIA/KIO အလိုမရှိဆိုပြီး အော်ဟစ်ကြွေးကြော်နေတုန်း ကချင်လူမျိုး ရိုးရာယဥ်ကျေးမှုဗဟိုကော်မတီတာဝန်ရှိသူတွေက သွားရောက်မေးမြန်းနေတုန်း ကစဉ့်ကလျားနဲ့ ထွက်ပြေးသွားခဲ့ကြတယ်လို့လည်းအသင်းက ထုတ်ပြန်ထားပါတယ်။
မြင်တွေ့ခဲ့သူတယောက်က “သူခိုးလူမိသလို ရှက်ကိုးရှက်ကန်းနဲ့ ကစဉ့်ကလျား ထွက်ပြေးသွားကြတာ။ လာတာတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လာကြတာပဲ” လို့ ပြောပါတယ်။
ကချင်လူမျိုးရိုးရာယဥ်ကျေးမှုအသင်းကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗဟိုကော်မတီက မသိသလို ခွင့်ပြုထားတာလည်း မရှိဘဲ ကချင်တမျိုးသားလုံးကလည်း ကန့်ကွက်တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
နောက်နောင်မှာလည်း ကချင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ အဆောက်အဦ၊ ပရဝုဏ်နဲ့ ရင်ပြင်ထဲမှာ ဒီလိုဖြစ်ရပ်တွေကို လုံးဝ ခွင့်ပြုမှာမဟုတ်ကြောင်းနဲ့ ကျူးလွန်လာမယ် ဆိုရင်လည်း တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားဒေသခံလူငယ်တယောက်ကလည်း အရင်ကတော့ လေတပ်ရှေ့က မြို့အဝင် မုခ်ဦးတို့၊ လေဆိပ်အနီး အောင်ဇေရန်အောင်ဘုရားအနားက ဥယျာဉ်တို့မှာပဲ လျှပ်တပြက် ဆန္ဒပြခဲ့ကြပြီး အခုတော့ လူမျိုးစုရဲ့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ မနောကွင်းထဲကို အကြောင်းကြား ထားတာမရှိဘဲ မထေမဲ့မြင်လာလုပ်ကြကို နောက်နောင်မှာ သည်းခံဖို့ မသင့်ဘူးလို့ မှတ်ချက်ပြုပါတယ်။
ဓာတ်ပုံ CJ/EPN