မွန်ပြည်နယ် မုဒုံ-ချောင်းနှစ်ခွလမ်းပိုင်းမှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး ခရီးသွားပြည်သူတွေ သတိထားသွားလာကြဖို့ ဒေသခံတွေက သတိပေး ပြောဆိုထားပါတယ်။
ဒေသခံတဦးက “လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတာပါ။ မနက် ၄ နာရီခန့်ကစတင်ပြီး ချောင်းနှစ်ခွတံတားနဲ့ ရဲစခန်းတွေကို KNLA၊ PDF အဖွဲ့တွေ လာရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားတာ”လို့ ပြောပါတယ်။
ဒေသခံတယောက်က “အခုထိပစ်နေကြတုန်း၊ လက်နက်ကြီးတွေ ခြံထဲကျလို့ ထွက်ပြေးနေကြရတယ်။ လူထိခိုက်မှုတော့ လောလောဆယ် မကြားရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ ဆိုပါတယ်။
မုဒုံ-ချောင်းနှစ်ခွလမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ မဖြစ်မနေ သွားလာပါက သတိထား သွားလာကြဖို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
အခုတိုက်ပွဲနဲ့ပတ်သက်ပြီး KNLA, PDF ပူးပေါင်းတပ်ဘက်က သတင်းတွေ မထုတ်ပြန်ထားကြသေးပါဘူး။
ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA, PDF တွေအကြားမှာ စစ်ရေးတင်းမာနေသလို ဒေသတွင်း တိုက်ပွဲတွေ ထပ်မံပြင်းထန်လာနိုင်တယ်လို့ KNLA, PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က သတိပေး ပြောဆိုထားပါတယ်။