Home
မြန်မာသတင်း
ထီးချိုင့်ဒေသတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
DVB
·
November 10, 2023
Htee Chaint_10112023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ နိုဝင်ဘာ ၈ ရက်ကစပြီး ဒီနေ့ နိုဝင်ဘာ ၁၀ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၀ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်ခတ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်ဒေသခံတဦးက “ပထမ‌လေယာဥ်နှစ်စီးက‌ မြစ်ကြီးနားဘက်ကနေ လာပစ်တာဗျ။ ဒုတိယလေယာဉ် တစီးကတော့ ၁၁ နာရီကျော်အချိန်က မန္တလေး တံတားဦးကနေ လာပစ်နေတာဗျ။ စစ်ကောင်စီကတော့ မြို့ဝင်၊ မြို့ထွက်တွေကို အကုန်ပိတ်ထားလို့ မြို့တွင်းအခြေအနေကတော့ ဘာမှမသိရသေးဘူးဗျ” လို့ ပြောပါတယ်။

ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ပြည်သူတွေလည်း ပိတ်မိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ထီးချိုင့်ဒေသခံ ပြည်သူကာကွယ်အဖွဲ့ဝင်တစ်ဦးက “သုံးရက်တာ မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထီးချိုင့်မြို့ထဲနဲ့ မြိုအပြင်စပ်တွေကို လေယာဉ်နဲ့ပစ်တာ စုစုပေါင်း အခေါက် အရေအတွက် ၂၀ ရှိသွားပြီဗျ။ ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ တရက်တည်းကို ‌လေယာဉ်နဲ့ လာပစ်တာ ၁၀ ကြိမ်အထိ ရှိနေပြီဗျ။ လေယာဉ်နဲ့ပစ်လို့ ထီးချိုင့်မြို့ပေါ် အမှတ် ၃ ရပ်ကွက်က နေအိမ် ၃ လုံး မီးလောင်နေတယ်ဗျ။ အခု သုံးရက်အထိ တိုက်ပွဲကတော့ စစ်ကောင်စီဘက်က အထိနာနေတယ်လို့ပဲ ပြောရမယ်။ ကျနော်တို့ဘက်ကတော့ ၆ ယောက်လောက် မစိုးရိမ်ရဒဏ်ရာ ရရှိထားတယ်” လို့ ပြောပါတယ်။

သုံးရက်တာတိုက်ပွဲကြောင့် ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းသွားလာတဲ့ လမ်းပိုင်း ပိတ်ဆို့နေတာကြောင့် ကုန်တင်ကားတချို့နဲ့ ခရီးသွားကားတချို့လည်း ပိတ်မိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024