ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ဖဲလျားကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီခွဲမှာ ဖဲလျားရွာကနေအိမ်မှာ ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီ ၁၀၂ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဖဲလျားကျေးရွာက အသက် ၆၀ ဝန်းကျင် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ၂၅ နှစ်အရွယ် သူ့ရဲ့သမီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက “မိခင်ဖြစ်သူ သက်ကြီးအမျိုးသမီးကတော့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်။ သူ့ရဲ့သမီးကတော့ ကျောကုန်းမှာ ဒဏ်ရာရတယ်။ အခုတော့ ဆေးကုသမှုပေးလို့ အဆင်ပြေနေပါပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီ ၁၀၂ တပ်ရင်းနဲ့ ဒီးမော့ဆိုရဲစခန်းကနေ ဒီးမော့ဆိုအရှေ့ခြမ်းနဲ့ အနောက်ခြမ်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo - ပုံဟောင်း Karenni Human Rights Group