Home
မြန်မာသတင်း
မြန်မာပြည်သူများ စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်နေရ
DVB
·
November 10, 2023
WFP Myanmar_10112023

မြန်မာနိုင်ငံမှာ လူ ၃ ယောက်မှာ ၁ ယောက်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က WFP ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နှစ်စဉ် လူ ၄ ယောက်မှာ တယောက် စားနပ်ရိက္ခာ မဖူလုံတဲ့ ပြဿနာ ရင်ဆိုင်နေရပေမဲ့ အခု ၂၀၂၃ ခုနှစ် လက်ရှိမှာတော့ အခြေအနေပိုဆိုးလာကာ လူ ၃ ယောက်မှာ တယောက်နှုန်းအထိ စားနပ်ရိက္ခာပြဿနာ ကြုံနေရတယ်လို့ WFP ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

စားနပ်ရိက္ခာမဖူလုံမှု အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေက ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားစေပြီး နေရာရွှေ့ပြောင်းရတဲ့ လူဦးရေ တိုးလာတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ ကုန်ဈေးနှုန်း မြင့်တက်တာတွေ ပါဝင်ပါတယ်။

မြန်မာပြည်သူတွေ စားနပ်ရိက္ခာ မဖူလုံရတဲ့ အဓိကတရားခံဟာ စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ် လုယက်မှုတွေကြောင့် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ဒီဗွီဘီကို ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ဝေခံတပ်တွေ၊ လက်ကိုင်တုတ်တွေဟာ မြန်မာနိုင်ငံမှာ စပါးကျီဖြစ်တဲ့ ဒေသတွေမှာ တောင်သူလယ်သမားတွေကို သတ်ဖြတ်တယ်။ ရွာတွေကို မီးရှို့တယ်။ စပါးကျီတွေလုတယ်။ စပါးတွေလုတယ်။ အစားအသောက်တွေ လုတယ်။ တိရစ္ဆာန်တွေ သတ်တယ်။ နောက် ဒီလယ်ထွန်ပစ္စည်းတွေကအစ ဖျက်ဆီးတာတွေ ရှိပါတယ်။ အဲ့တော့ မြန်မာနိုင်ငံမှာ ဒီလို စားနပ်ရိက္ခာ မဖူလုံမှု ကြုံရတဲ့ဟာက တရားခံက အကြမ်းဖက် စစ်တပ်၊ စစ်ကောင်စီလက်ချက် ဖြစ်ပါတယ်။”

စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်ရှောင်အရေအတွက်လည်း တိုးလာပြီး စစ်ရှောင်တွေကို ကူညီဖို့ NUG အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ကူညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

NUG အစိုးရအဖွဲ့၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက “အကြမ်းဖက် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် နေအိမ်စွန့်ခွာ ပြေးရတဲ့ စစ်ရှောင်ဦးရေဟာလည်း ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းအရ ၂ သန်းနီးပါး ရှိနေပါပြီ။ အဲဒီလူတွေက နေနေတဲ့ နေရာက အကြမ်းဖက်စစ်ကောင်စီရဲ့အောက်မှာ မရှိတဲ့ အာဏာမရှိတဲ့အောက်မှာ နေနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အဲဒီနေရာတွေက လူတွေကို စားနပ်ရိက္ခာ ကူဖို့အတွက်ဆို အဲ့ဒေသကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ မြေပြင်ပေါ်မှာရှိတဲ့ အဖွဲ့အစည်းတွေကို ညှိနှိုင်းပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက လုပ်ကိုင်ဆောင်ရွက်ပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။

WFP ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက လူပေါင်း ၁၅ ဒသမ ၂ သန်းဟာ စာနပ်ရိက္ခာ မဖူလုံမှု အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတွင်းမှာ လိုအပ်ချက်တွေ တိုးလာပေမဲ့ ပြည်သူတွေကို ကူညီပေးဖို့ ရန်ပုံငွေကလည်း နည်းပါးလာပါတယ်။

WFP အဆိုအရ မြန်မာနိုင်ငံမှာ လူအများအပြားဟာ စားနပ်ရိက္ခာ မလောက်ငတဲ့ပြဿနာ ကြုံနေရပြီး ဒါက သူတို့ရဲ့ စားဝတ်နေရေးနဲ့ နေ့စဉ်ဘဝတွေမှာ အကျပ်အတည်းတွေ ဖြစ်စေတာပါ။ မြန်မာနိုင်ငံဟာ အထောက်အပံ့ အကူအညီတွေ လိုအပ်နေချိန် တပြိုင်နက်တည်းမှာပဲ ရန်ပုံငွေ အလုံအလောက်မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။

WFP အနေနဲ့ လာမယ့် ၆ လတာ ကာလအတွင်း မြန်မာနိုင်ငံမှာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုအတွက် လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၅၉ ရာခိုင်နှုန်းသာ ရှိသေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းကျော်ဟာလည်း WFP ရန်ပုံငွေ ပြတ်လပ်မှုရဲ့  အကျိုးသက်ရောက်မှုကို ခံစားနေကြရပြီ ဖြစ်ပါတယ်။

ဒီနှစ်မှာ အစားအသောက် ထောက်ပံ့ငွေကို နှစ်ကြိမ် ဖြတ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူးလို့ WFP အဖွဲ့အစည်းက ပြောပါတယ်။ ထောက်ပံ့ငွေက လူတယောက်ကို တလ ၁၂ ဒေါ်လာ ထောက်ပံ့ပေးရာကနေ ဒီနှစ် ဖေဖော်ဝါရီမှာ ၁၀ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင်လမှာ ၈ ဒေါ်လာအထိ လျှော့ချခဲ့ပါတယ်။

စားနပ်ရိက္ခာ ဖူလုံရေးဆိုတာ လူတွေကို သူတို့တတ်နိုင်တဲ့ နှုန်းထားနဲ့ အာဟာရပြည့်ဝပြီး ကျန်းမာတဲ့ လူနေမှုဘဝရအောင် စားသုံးနိုင်တဲ့ အစားအစာတွေ လုံလုံလောက်လောက် ရရှိတဲ့ အခြေအနေဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ တိုးမြင့်လာတဲ့ လူဦးရေအရ ဒီလိုအခြေအနေ မရရှိနိုင်တော့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်တွေအပြင် ပြည်တွင်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာပြီး ပြဿနာတွေ ပိုဆိုးလာနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013