ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်မှာ စားအုန်းဆီဝယ်ဖို့ တန်းဆီနေတဲ့ အမျိုးသမီး တဦး နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ကားတိုက်ခံရခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ ပရဟိတသမားတွေက ပြောပါတယ်။
ဘူတာဈေးအနီး ရန်ကုန်-အင်စိန် လမ်းမပေါ်မှာ အသက် ၅၀ အရွယ် အမျိုးသမီးတဦးကို နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီမှာ တက္ကစီကားတစီးက တိုက်မိခဲ့ပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်တို့မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
ကူညီပေးခဲ့တဲ့ ပရဟိတသမားတဦးက “စားအုန်းဆီတန်းစီနေရင်း အမျိုးသမီးတဦး ကားတိုက်ခံရတာကို သွားကူညီပေးခဲ့တာပါ။ စားအုန်းဆီရောင်းတော့ လူတွေ တိုးကြိတ်နေတော့ တက္ကစီတစီးက တစီးကို ကျော်တက်ရင်း အမျိုးသမီးကို တိုက်မိသွားတာပါ။ အရေးပေါ်ပြုစုပြီး ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ စိုးရိမ်စရာ အခြေအနေတော့ မရှိတော့ပါဘူး” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးကို ရွှေရောင်သမိုင်း လူမှုကူညီရေး အသင်းကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးခဲ့ပါတယ်။