စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းမှာ ခမရ ၃၀၉ စစ်တပ်နောက်ကျောရှိ ဂေါက်ကွင်းအနီးက သိမ်အင်းရွာ ရွှေတွင်း ရွှေမှော်ထဲ ဝင်မွှေပြီး အမျိုးသမီးအပါအဝင် ရွှေလုပ်သား လုပ်ကွက်ပိုင်ရှင်တွေကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
"ဖမ်းခေါ်သွားတယ်ဆိုတာဟုတ်တယ်။ ဒါပေမယ့် ညနေပိုင်းမှာတော့ ပြန်လွှတ်ပေးတယ်။ တခြားနေရာက စစ်ကြောင်းထိုးဖို့ လာတာဆိုတော့ လမ်းမသိလို့နေမှာ" လို့ သိမ်အင်းရွာနဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။
စစ်ကြောင်းက ရွှေမှော်လုပ်ကွက်တွေကို မွှေနောက်သွားပြီး ဘက်ဖိုး ၃ စီးကို မီးရှို့သွားတယ်လို့ ပြောပေမယ့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး ကသာမြို့နယ်ထဲက ရွာတွေကို အလျဥ်းသင့်သလို လုယက် ဖျက်ဆီးနေကြပြီး နိုဝင်ဘာ ၈ ရက်မနက်မှာလည်း စစ်ကြောင်းထိုးလာတဲ့ သတင်းကြောင့် ပြေးဖို့ပြင်နေတဲ့ရွာသားတွေကို ပေါမမြိုင် ဘုန်းကြီးကျောင်းပေါ်စုကာ မျက်နှာကို အဝတ်စည်းပြီး ရွှေငွေ လက်ဝတ်ရတနာတွေကို လုယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တခုခုဆို ရွှေတွေဘာတွေတော့ ဝှက်ထားခဲ့ဖို့ပြင်ဆင်သင့်တယ်။ သူတို့က အဲလိုကြီးကို လုတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါမမြိုင်က လမ်းပြဆိုပြီးခေါ်သွားတဲ့သူတွေကိုတော့ ခုထိပြန်မလွတ်သေးဘူးလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မိဿလင်းဘုန်းကြီးကျောင်းနားက စတိုးဆိုင်တဆိုင်ကိုလည်း ရိုက်ဖျက်ကာ ငွေနဲ့ပစ္စည်းတွေကို ယူသွားကြတယ်လို့ ကသာမြို့ခံတွေက ပြောပါတယ်။
အင်အား ၁၀၀ ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ သံ ခွန်မော်တော် ၂ စီးဟာ နိုဝင်ဘာ ၆ ရက် ည ၉ နာရီခန့်က ထီးချိုင့်မြို့တဘက်ကမ်း မြတောင်ကို ဆိုက်ကပ်ခဲ့ကာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကသာမြို့ သဖန်းကိုင်းဆိပ်ကို ဆိုက်ရောက်လာပြီး မြိုင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ ခမရ ၃၀၉ တပ်ကုန်းတွေမှာ အင်အားဖြန့် နေရာယူထားပြီး လှုပ်ရှားနေကြတာဖြစ်ပါတယ်။
နိုဝင်ဘာ ၁ ရက်ကတည်းက စစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့နေရာတွေကို တိမ်းရှောင်နေကြရာ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ကားလိုင်းတွေမှာ ကြိုတင်လက်မှတ်ရောင်းချတာကို ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။
တကောင်း၊ ထီးချိုင့်၊ အင်းတော် လမ်းပိုင်းတွေကို နယ်မြေအခြေအနေ တည်ငြိမ်တဲ့ထိ ပိတ်ထားမယ်လို့ အင်းတော် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လယ်ယာ ရိတ်သိမ်းချိန်ဖြစ်တာမို့ ဒေသခံအများစုက လယ်ယာမြေရှိတဲ့ နေရာတွေကို မိသားစုလိုက် ရွှေ့ပြောင်းရှောင်တိမ်းသွားကြပေမယ့် စစ်ကြောင်းတွေရဲ့ လမ်းပြအဖြစ် ခေါ်သွားခံရမှာကိုတော့ ထိတ်လန့်နေကြတယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ မနက်ကစတင်ကာ စစ်ကောင်စီက မိုင်တဲဖုန်းလိုင်းနဲ့ အက်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပြီး နိုဝင်ဘေ ၉ ရက်နေ့မနက်မှာ လျှပ်စစ်မီးတွေကို ထပ်မံဖြတ်တောက်ခဲ့တာပါ။
ဒါ့အပြင် လက်နက်ကြီးတွေနဲ့ ညစဥ် ရမ်းသန်းပစ်ခတ်နေတာကြောင့် ကသာမြို့မှာ ည ၆ နာရီကျော်ကတည်းက အသွားအလာမရှိသလောက် ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။