ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA၊ TNLA နဲ့ AA ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေဆင်နွှဲနေတဲ့ Operation 1027” ၁၀၂၇ စစ်ဆင်ရေးရဲ့ ၁၄ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။
ကွမ်းလုံမြို့ကို မနေ့ကသိမ်းပိုက်ရရှိထားခဲ့ပေမဲ့ ကစဥ့်ကလျားဖြစ်ကာ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတဲ့အပြင် ကွမ်းလုံမြို့ကို အလုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားနေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။
ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု၊ နန်ကော်ကျေးရွာနဲ့ ဖုန်းချွေရှမ်ကြား ရှောက်ပယ်အိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ တုန်းရှမ်းဒေသ၊ ရှီယွင်ကြည်ကျေးရွာအနီးက ဟဲ့ဟုတ်တောင်ပေါ်ရှိ စစ်ကောင်စီရဲ့ အဓိကဗျူဟာကုန်းတွေနဲ့ အရန်စခန်းတွေအားလုံးကို အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
မနေ့နေ့လယ်လောက်ကစပြီး စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးတွေနဲ ပစ်ခတ်တာကြောင့် နောင်ချိုမြို့နယ်၊ ဆမ်မဆယ်ကျေးရွာအတွင်းကို ကျရောက်ပြီး လူနေအိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။
လားရှိုးမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ခလရ - ၆၈ တပ်စခန်းကနေလည်း နာလိုင်ရွာထဲကို လက်နက်ကြီးနဲ့ ၂၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး သေဆုံး၊ကာ ၄ ဦးထိမှန်ဒဏ်ရာရပြီး အဲထဲက ၁ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့လည်း ဆိုပါတယ်။
စစ်ဆင်ရေးစတင်ချိန်ကနေ သီတင်း နှစ်ပတ်လောက်အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေကို အပြည့်အဝသိမ်းပိုက်ခဲ့ပြီး သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေရဲ့ နေရာအားလုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်ပေမဲ့ အဲဒီမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကာ၊ စစ်ကောင်စီတပ်စခန်း ၁၂၈ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားတယ်။
ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့ကာ နယ်မြေတည်ငြိမ်ဖို့အတွက်လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါတယ်။
PHOTO CREDIT-1027 OPERATION