ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာ ၁၄ ရွာက ရေဘေးသင့်ဒေသခံတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က စက်တင်ဘာ ၁၉ နဲ့ ၂၀ မှာ ဆန်အပါအဝင် တပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ULA/AA ရဲ့ စစ်သည်တော်တွေ၊ ဒေသအဆင့်နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးဌာန၊ ရဲဌာန၊ HDCO နဲ့ ချင်းလူမျိုးရေးရာကော်မတီတို့ပူးပေါင်းပြီး တပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့တာလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြန်ကြားရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခဒေသမှာ မှီတင်းနီထိုင်ကြတဲ့ ပြည်သူတွေအားလုံးကို လူမျိုးဘာသာမခွဲခြားဘဲ ဒုက္ခရောက်နေတဲ့ ပြည်သူတဦးချင်းစီရဲ့ အခက်အခဲတွေကို ကျနော်တို့ တတ်နိုင်သမျှ ချက်ချင်းတုံ့ပြန်ကူညီဆောင်ရွက်ပေးနေတာပါ။”
မင်းပြားမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကိုင်းကြီး၊ ကျီးမချေ၊ ကြွီးချောင်း၊ ပြင်ချောင်း၊ ပြင်ဝအပါအဝင် ဖုန်သာချောင်းကမ်းစပ်က ကျေးရွာပေါင်း ၁၄ ရွာက နေအိမ် ၂၈၄ လုံး ရေနစ်မြုပ် ပျက်စီးသွားခဲ့ပြီး ဒေသခံတဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ်အတွင်း ရေဘေးသင့်ခဲ့ကြတဲ့ ဒေသခံတွေကို အာရက္ခဘ ပြည်သူ့ကျန်းမာရေးဌာနကလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ AA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၅ သိန်းကျော်ရှိနေပြီး ကျန်းမာရေးအတွက် ဆေးဝါးဆိုင်ရာ အကူအညီအထောက်အပံ့တွေလည်း လိုအပ်နေသေးကြောင်း အာရက္ခ ပြည်သူ့အစိုးရ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။