ကော့ကရိတ်- ကြာအင်းဆိပ်ကြီးလမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်တွေက နယ်ခြားစောင့်တပ် အသွင်ယူပြီး စစ်ရေးပြင်ဆင်တာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ လမ်းပိုင်းတလျှောက် ဂိတ်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေတဲ့အပြင် ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာပါတယ်။
ဒေသခံပြည်သူတဦးက "စစ်ရေးပြင်ဆင်တယ်။ လူအင်အားတိုးတယ်။ အယောင်ဆောင်တာတွေ လုပ်တယ်။ အခု ကိုးတိုင်လမ်းဂွကနေ တောက်လျှောက်ရှိတယ်။ အခု စိုးရိမ်စရာရှိတယ်။ ပိုက်ဆံတွေ တောင်းတယ်။ သူတို့ မထင်ရင် မထင်သလို အကုန်စစ်တယ်။ လွတ်လွတ်လပ်လပ်သွားလို့ မရဘူး။ လမ်းတော့ဖွင့်ထားတယ်၊ အစစ်အဆေးကြမ်းတယ်" လို့ ပြောပါတယ်။
ကော့ကရိတ်- ကြာအင်းဆိပ်ကြီး လမ်းပိုင်းတလျှောက်က ကိုးတိုင်၊ လှိုက်ကွယ်၊ တောင်ကြာအင်း၊ မြောက်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ၊ ဝင်းက စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ထွက်လှုပ်ရှားနေတာကြောင့် ဒေသခံတွေဟာ လုံခြုံမှုမရှိတဲ့အတွက် စိုးရိမ်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်း နယ်ခြားစောင့်တပ်တွေ သီးခြားလှုပ်ရှားသွားလာတာကို ခွင့်ပြုထားပြီး စစ်ကောင်စီတပ်တွေနဲ့ ပူးတွဲ စစ်ရေးလှုပ်ရှားလာရင် ပစ်ခတ်တိုက်ခိုက်မယ်လို့ KNU က အတိအလင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ပဲဖြစ်ဖြစ်၊ BGF တပ်ပဲဖြစ်ဖြစ် ဟန်ဆောင်ပြီး ဘယ်လိုလာလာ သတ်မှတ်ထားတဲ့ စည်းကိုကျော်လွန်လာရင် တိုက်ပွဲဖြစ်မှာပဲလို့ KNU တပ်မှူးတဦးက ပြောပါတယ်။
"သူတို့ ဘယ်လို ပုံစံမျိုးနဲ့ ပြင်ဆင်နေပါစေ၊ တိုက်ပွဲခွင်ထဲဝင်လာရင်တော့ တိုက်ပွဲဖြစ်မှာကတော့ သေချာတယ်။ BGF ကိုလည်း မဆိုလိုဘူး၊ ဘယ်သူကိုမှ မဆိုလိုဘူး။ တော်လှန်ရေးအောင်မြင်ဖို့က တိုက်ပွဲက ကြာလေ ကြာလေ ပြင်းထန်လာမှာကတော့ သေချာတယ်။"
လက်ရှိမှာလည်း ကော့ကရိတ်မြို့တွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ရေးရင်ဆိုင်ထားဆဲဖြစ်ကာ နှစ်ဖက်စစ်ရေး တင်းမာနေပြီး နိုဝင်ဘာ ၇ ရက်နေ့ ညနေလောက်က တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ ဇိနသုခဘုန်းကြီးကျောင်းနေရာကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ခလရ ၉၇ တပ်ရင်းက တပ်ခွဲမှူးနဲ့ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။