လွန်ခဲ့တဲ့ ၁ လကျော်လောက်က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ရာဖာနယ်စပ်ဂိတ်ရဲ့ တဖက်ခြမ်းက ဂါဇာ ဆိုတာဟာ အစ္စရေးက ၅၆ နှစ်ကြာ သိမ်းပိုက်ထားမှုနဲ့ ၁၆ နှစ်ကြာ ပိတ်ဆို့ထားမှုအောက်မှာ အောက်တိုဘာ ၇ ရက်မတိုင်မီက ကမ္ဘာ့အကြီးဆုံး လေဟာပြင် အကျဉ်းထောင်ကြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုတော့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတွေဟာ သူတို့ရဲ့ မိသားစုတွေကို ဝမ်းနည်းပူဆွေးရင်း ရေ၊ စားနပ်ရိက္ခာ၊ လျှပ်စစ်မီးနဲ့ လောင်စာဆီအတွက် ရုန်းကန်နေကြရပါတယ်လို့လည်း ဗော်လ်ကာတာ့ခ်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက စစ်ရာဇဝတ်မှုဖြစ်ပြီး အခု ဓားစာခံတွေကို ဆက်လက် ဖမ်းဆီးထားတာကလည်း စစ်ရာဇဝတ်မှုပဲလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က အီဂျစ်နိုင်ငံ ဂါဇာနယ်စပ်ရှိ ရာဖာဂိတ်မှာ ပြောခဲ့ပါတယ်။
ပါလက်စတိုင်းအရပ်သားတွေကို အစ္စရေးက စုပေါင်းပြစ်ဒဏ်ပေးတာဟာ စစ်ရာဇဝတ်မှုဖြစ်သလို အရပ်သားတွေကို ဥပဒေနဲ့မညီဘဲ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာကလည်း စစ်ရာဇဝတ်မှုပါပဲလို့ ဗော်လ်ကာတာ့ခ်က ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters