ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အလိုမရှိကြောင်း လူတစုက မျက်နှာဖုံးတွေတပ်ပြီး ဆန္ဒပြခဲံ့ကြပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နေရာအနီး ပတ်ဝန်းကျင်မှာ အင်အား ၁၀၀ လောက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မြစ်ကြီးနား မြို့ခံအမျိုးသားတဦးက “အင်အားကတော့ ၈၀ နဲ့ ၁၀၀ ကြားရှိတယ်။ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်တဲ့ နေရာတွေကလည်း တိုင်းစစ်ဌာနချုပ် အနီးမှာပဲ ပြုလုပ်တာ။ မြို့ထဲမှာ လှည့်ပြီး ဆန္ဒထုတ်ဖော်တာ မဟုတ်ဘူး။ KIA နဲ့ PDF အဖွဲ့တွေကို အလိုမရှိကြောင်း ဆန္ဒပြကြတာ။ ဆန္ဒပြတဲ့သူတွေက မြို့ထဲကသူတွေ ဟုတ် မဟုတ်တော့ သေချာမသိဘူး။ အားလုံးက Maskတွေ တပ်ထားတယ်” လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA/ PDF ပူးပေါင်းတပ်တို့ နေရာအတော်များများမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်က အထိအခိုက် အကျအဆုံးများတဲ့အတွက် ဗိုလ်ကတော်တွေက ဘာသာရေး အစီအမံတွေလည်း ပြုလုပ်နေကြပါတယ်။
တပ်တွင်းနီးစပ်သူ အမျိုးသား တစ်ဦးက “မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲက ဗိုလ်ကတော်တွေလည်း ပရိတ်ရွက်ရတာတွေ ယတြာချေရတာတွေ နေ့စဉ်နီးပါး လုပ်နေရတယ်။ ကိုးမြို့ရှင်ကိုလည်း နေ့တိုင်း ပူဇော်နေရတယ်။ ရှမ်းမြောက်ကို လွှတ်မှာစိုးလို့ထင်တယ်။ ဆန္ဒထုတ်ဖော်ပွဲမလုပ်ခင် မနက်ပိုင်းကလည်း မုန့်လုံးရေပေါ် ဘယာကြော် ကျောက်ကျောတွေ ဘုရားကပ်ပြီး ပရိတ်ရွတ်ရတယ်” လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းက ဖားကန့်၊ ရွှေကူ၊ မိုးမောက်၊ ဗန်းမော်၊ မိုးညှင်း၊ ဝိုင်းမော်၊ မိုးကောင်း စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာပြီး မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
Photo - CJ