စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက်တွေမှာ လေကြောင်းကနေ ပစ်ခတ်လို့ ကျောင်းဆရာမတဦးအပါအဝင် အနည်းဆုံးပြည်သူ ၁၇ ယောက်လောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၈ ရက်က တကြိမ်၊ အခု နိုဝင်ဘာ ၉ ရက် မနက် ၁၁ နာရီခွဲမှာ တကြိမ် ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်နေတာဖြစ်တယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်ဒေသခံတဦးက “မနေ့ကတော့ ပြည်သူ ၁၇ ဦးထက်မနည်း သေဆုံးထိခိုက်တာတွေ ရှိနေတယ်ဗျ။ သေဆုံးသူ တိတိကျကျ သိထားရတာက ဆရာမ ဒေါ်ခင်မာအေးကတော့ တိတိကျကျသိတယ်။ ကျန်တဲ့ ထိခိုက်သေဆုံး ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အမည်တွေပြောပြဖို့ရာက အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့ပြောပြလို့မရတာလဲဆိုတော့ စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တဲ့ နေရာတွေ အားလုံးကို စစ်ကောင်စီက အရပ်သားတွေ ဝင်ထွက်ခွင့် အားလုံးပိတ်ထားတယ်ဗျ။ သေဆုံးထိခိုက်တာတွေကလည်း များမယ်။ ပစ်ခတ်တဲ့ နေရာကတော့ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၃ စတဲ့ ပြည်သူတွေနေတဲ့ နေရာတွေကို ပစ်တာဗျ။ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့ကတော့ ထီးချိုင့်မြို့ပေါ်ကို Mi35 တစီးနဲ့ ပစ်နေတယ်။ နောက်ပြီး တောမရွာကိုလည်း ဂျက်ဖိုက်တာတစီးနဲ့ ပစ်နေတယ်” လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်ကို နိုဝင်ဘာ ၈ ရက်က လာရောက်ပစ်ခတ်တဲ့ ဂျက်လေယာဉ် ၅ စီးဟာ မြစ်ကြီးနားမြို့ကနေ လာရောက်ပစ်ခတ်တာဖြစ်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၉ ရက်မှာ လာရောက်ပစ်ခတ်တဲ့ Mi35 နဲ့ ဂျက်ဖိုက်တာက မန္တလေး၊ တံတားဦးကနေ လာရောက် ပစ်ခတ်တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။