ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးက စစ်ကောင်စီတပ် စခန်းတွေကို နိုဝင်ဘာ ၉ ရက် ဒီမနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ရှမ်းနီ အမျိုးသားတပ်မတော် SNAတို့ စုပေါင်းတပ်စွဲထားတဲ့ တပ်စခန်း ၃ ခုကို KIA PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
"ထိတွေ့တိုက်ပွဲဖြစ်နေတာကတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းကပဲ။ ဒီနေ့မနက် ၃ နာရီလေါက်မှာ တိုက်ပွဲထပ်ဖြစ်ပြီး KIA တပ်ရင်း ၂၆ က တပ်စခန်း သုံးခု သိမ်းလိုက်တာ။ တိုက်ပွဲကလည်း ဆယ်ဇင်းကျေးရွာ တစ်ဘက်ခြမ်း ဟုမ္မလင်းမြို့နယ်ထဲမှာပါ ဖြစ်နေတယ်။”
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဆယ်ဇင်းကျေးရွာအနီးမှာ နိုဝင်ဘာ ၇ ရက်နေ့က စတင်ထိတွေ့တိုက်ပွဲဖြစ်နေကြပြီး ဒီမနက် ၉ နာရီလောက်မှာ စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ သံယောဇဉ်ကုန်းစခန်း၊ အောက်ကုန်းစခန်းနဲ့ ကြိုးတံတားစခန်း သုံးခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA / PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုကိုတော့ သက်ဆိုင်ရာအဖွဲ့တွေ ထုတ်ပြန်တာ မရှိသေးပါဘူး။