စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဝက်ချောင်းကြီးကျေးရွာအနီးမှာ သောင်တင်နေတဲ့ စစ်ကောင်စီ ဖလပ်မော်တော် ၂ စီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်အထက်ပိုင်းကနေ ဖလပ်မော်တော် ၈ စီးနဲ့ နိုဝင်ဘာ ၅ ရက်မနက်က ချင်းတွင်းမြစ်အောက်ပိုင်းကို စုန်ဆင်းလာတာလို့ ကနီမြို့နယ် ကျောက်လုံးကြီးတပ်မဟာ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။
“သူတို့နဲ့ကတော့ ၅ ရက်နေ့ကတည်က တိုက်ပွဲဖြစ်နေတာလေ။ သူတို့ပဲ ကံဆိုးတာလား၊ ကျနော်တို့ပဲ ကံကောင်းနေတာလားတော့မသိဘူး။ ကနီမြို့ဆိပ်ကမ်းကနေ စုန်လာပြီး ဒီကောင်တွေ ဝက်ချောင်းကြီးရွာ ဆိပ်ကမ်းမှာ ဖလပ် ၂ စီး သောင်တင်တယ်။ မုဌေါရွာဆိပ်ကမ်းအနီးမှာ ၃ စီးသောင်တင်တယ်။ မုဌေါအနီးက ဖလပ် ၃ စီးကတော့ မနေ့က နိုဝင်ဘာ ၇ ရက်နေ့က မုံရွာကနေ စစ်သင်္ဘော ၃ စီးနဲ့ လာပြီးဆွဲသွားတယ်။ ဝက်ချောင်းကြီးရွာအနီးက ဖလပ်မော်တော် ၂ စီးကတော့ ကျနော်တို့နဲ့ တိုက်ပွဲဆက်ဖြစ်ပွားနေခဲ့တယ်ဗျ။ ဖလပ်မော်တော် ၂ စီးပေါ်မှာပါတဲ့ စစ်သားတွေကတော့ မော်တော် ၁ စီးနဲ့ ကနီမြို့ကို ထွက်ပြေးသွားကြတယ်ဗျ။ အဲတာကြောင့်မို့ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်ခင်းအစောပိုင်းမှာ ကျနော်တို့ သိမ်းနိုင်လိုက်တယ်ဗျ။ ဖလပ်မော်တော် ၂ စီးပေါ်ကတော့ သစ်တင်တဲ့ကားတွေ၊ ၁၂ ဘီးကုန်ကား ၁ စီး၊ ဆိုင်ကယ်တွေ၊ သစ်လုံးတွေနဲ့ ၆၀ မမကျည် ၁ ဖာရလိုက်တယ်။”
စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နိုဝင်ဘာ ၅ ရက်နေ့က စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး နိုဝင်ဘာ ၉ ရက် ဒီနေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က စစ်ဖလပ်မော်တော် ၆ စီးအထိ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။