စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့် အစရှိတဲ့မြို့တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ရဲ့ သိမ်းတိုက်ပွဲတွေကြောင့် ကးလိုင်းနဲ့ မော်တော်လိုင်းတွေ ပြေးဆွဲမှု ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်နေတာကြောင့် ကသာမြို့မှာ အလောတကြီး စျေးဝယ်ယူမှုတွေ၊ သက်ကြီးရွယ်အိုတွေအား အဝေးကို ခေတ္တပို့တာမျိုးတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
“ဒီမနက်ထွက်တဲ့ကားက အခြေအနေမတည်ငြိမ်ခင်ထိ နောက်ဆုံးဖြစ်ဖို့များပါတယ်။ မန္တလေးကားတွေဆို မတက်တော့ဘူး။ ဒီမနက်ပို့တဲ့ကား မန္ထလေး ရောက် မရောက် နားထောင်ရမှာ" လို့ ကားလိုင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကြီးတော်နဲ့ ဦးလေး၊ အဒေါ်၊ အဘိုး အဘွား တအုပ်ကို မြစ်ကြီးနား ပို့လိုက်ပြီ။ လာကြိုတဲ့ သားသမီးတွေရှိတဲ့သူတွေကလည်း လာကြိုကြပေါ့။ ရေကြောင်းနဲ့ စုန်လို့ရတဲ့ နေရာကိုလည်း စုန်ကြနဲ့။ ကားတွေ၊ မော်တော်တွေ မပြေးတော့ရင် အခြေအနေပိုဆိုးမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ရေကြောင်း ကုန်းကြောင်း အဝင်အထွက်တွေ ရပ်ဆိုင်းလုဖြစ်နေပြီမို့ အလောတကြီး စျေးဝယ်သူတွေ ရှိသလို တချို့ဆိုင်တွေက စျေးတင်ရောင်းနေကြတယ်လို့ ဆိုပါတယ်။
“သာမန် ဆန်ဆိုင်လေးတွေတောင် သိန်း ၂၀ ဖိုးလောက်ရောင်းရတယ်” လို့ ဆန်ရောင်းသူတဦးက ပြောပါတယ်။
ကသာမြို့အနီး ကပ္ပလိပ်ရွာအနီးမှာ နိုဝင်ဘာလ ၈ ရက်နေ့မနက် ၇ နာရီခွဲလောက်က ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ သံခွံမော်တော်တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့ပြီး လိပ်ထုံး-ထုံးရဲ လိုင်းပြေးဆွဲနေတဲ့ ခရီးသည်တင် အစုန်မော်တော်တွေကို ချောဆွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက မိဿလင်းရွာ၊ ပေကုန်းရွာ၊ ပေါမမြိုင်ရွာတွေထဲ မွှေနှောက်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေ ယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၉ ရက် နောက်ဆုံးရှောင်ခိုင်းထားတယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် ကသာတမြို့လုံး တိတ်ဆိတ်ခြောက်ကပ်နေပြီး မြို့တွင်း နေရာအတော်များများမှာ လူသွားလူလာ ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။