Home
မြန်မာသတင်း
လားရှိုး ဝိန်းထန်အုပ်စုတွင် လက်နက်ကြီးကျပြီး အမျိုးသမီး ၃ ဦး သေဆုံး 
DVB
·
November 9, 2023
Wain Htan_09112023

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ဝိန်းထန် ခေါ် မိုင်းတင်ကျေးရွာအုပ်စု ကောင်းကန် ကျေးရွာမှာ နိုဝင်ဘာ ၉ ရက် ဒီကနေ့ မနက် ၇ နာရီခွဲကျော်က လက်နက်ကြီးကျပြီး ရွာသူ အမျိုးသမီး  ၃ ဦးသေဆုံးသွားခဲ့ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေကြောင့် ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြပြီး ကနေ့မနက်မှာ အခြေအနေကောင်းပြီထင်လို့ အိမ်ပြန်စဉ် လက်နက်ကြီးကျကာ ထိခိုက်သေဆုံးခဲ့ရတာလို့  ရွာသား ၁ ဦးက ပြောပါတယ်။ 

“သူတို့က နေ့ခင်း ပစ်ခတ်သံမကြားရင် အိမ်ပြန်ပြီးလုပ်စရာရှိတာလုပ်တယ်၊ ညဆို ဘုန်းကြီး ကျောင်းမှာ ပြန်လာအိပ်တယ်၊ ကနေ့မနက်လည်း အိမ်ပြန်ပြီး မနက်စာစားဖို့ ချက်ပြုတ်နေတုန်း     မီးဖိုချောင်ထဲကို လက်နက်ကြီးကျလာတာ၊ အသက် ၆၀ လောက်ရှိတဲ့ နိုင်းမွန်းဆိုတဲ့အဒေါ်ကြီးရော၊ ၁၁ နှစ်ရွယ် မိန်းကလေးတယောက်ပါ ပွဲချင်းပြီးသေသွားတယ်၊ လက်နက်ကျည်က ရင်ဘတ်ကို ဖောက်ဝင်သွားတာတဲ့။ နောက်ထပ် အသက် ၄၀ ကျော်  နန်းအေးရွှေဆိုတဲ့ အမျိုးသမီးကတော့ ပေါင်ပြတ်သွားတယ်။”

ပေါင်ပြတ်သွားတဲ့ နန်းအေးဆွေကို လားရှိုးပရဟိတ လူမှုကူညီရေးအဖွဲ့တွေက ကားနဲ့လာကြိုပြီး လားရှိုးဆေးရုံကို ပို့ဆောင်နေစဉ်မှာဘဲ  သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

လက်နက်ကျည်ဟာ  စစ်ဘေးရှောင် ၁၅၀ ကျော်ရှိတဲ့ ကောင်းကန်ဘုန်းကြီးကျောင်းဝင်းထဲမှာပါ ကျရောက်ပြီး အဲဒီမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊ ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာ လည်း မသိဘူးလို့ ဆိုပါတယ်။ 

အဆိုပါကောင်းကန်ကျေးရွာဟာ လားရှိုးမြို့ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာမှာရှိပြီး အိမ်ခြေ ၃၀ ကျော်လောက်သာရှိပါတယ်။

ဝိန်းထန်အုပ်စုထဲမှာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကြား ပစ်ခတ်မှုတွေရှိနေတာကြောင့် ဖိုင်တောင်း၊ ကောင်းကန်၊ ကောင်းလင်း၊ ကွန်ဟိ စတဲ့ကျေးရွာက ရွာသားစုစုပေါင်း ၂၅၀ ကျော် ကောင်းကန် ဘုန်းကြီးကျောင်းမှာ ခိုလှုံခဲ့ရပါတယ်။

ခုရက်ပိုင်း လက်နက်ပစ်ခတ်သံ နည်းနည်းကြဲလာလို့ ရွာသားအချို့ အိမ်ပြန်သွားကြောင်း၊ တချို့ကတော့ နေ့ခင်းပဲပြန်ပြီး ညဘက်ဘုန်းကြီးကျောင်းမှာ လာအိပ်ကြောင်း၊ လက်ရှိ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ၁၅၀ လောက်သာကျန်ရှိတယ်လို့ ဆိုပါတယ်။ 

ကောင်းကန်ရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် ည ၈ နာရီလောက်ကလည်း ရွာထဲ လက်နက်ကြီးကျပြီး နေအိမ် ၂ လုံး၊ ထွန်စက် ၁ လုံး ၊ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ရသလို နွား ၁ ကောင်လည်း သေဆုံးသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024