ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ခရိုင်မှာ ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး တယောက် နိုဝင်ဘာ ၅ ရက်က ပစ်ကပ်ကားတစီးနဲ့ တိုက်ခံရပြီး ခြေထောက်ပြတ်လုနီးပါး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ မြန်မာတွေက ပြောပါတယ်။
စမွတ်ပရာကန်ခရိုင် ဘန်ဘောဒေသရှိ ဘုန်းကြီးကျောင်းလမ်းမှာ နိုဝင်ဘာ ၅ ရက်က ကိုယ်ဝန် ၇ လရှိတဲ့ မြန်မာအမျိုးသမီးတဦးဟာ ဘတ်စ်ကားပေါ် တက်နေစဉ် ပစ်ကပ်ကားက အနောက်က ဝင်ဆောင့်လိုက်တာကြောင့် မြန်မာအမျိုးသမီး ညာဘက်ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့ပါတယ်။
အသက် ၃၀ နှစ်အရွယ် ကိုယ်ဝန်ဆောင် မဇင်မာဝင်းနဲ့အတူ ထိုင်းနိုင်ငံသား နှစ်ယောက်လည်း ကားတိုက်ခံရပြီး မဇင်မာဝင်းရဲ့ ဒဏ်ရာက ပြင်းထန်တယ်လို့ နီးစပ်သူ မြန်မာတဦးက ပြောပါတယ်။
“ဘတ်စ်ကားပေါ်တက်နေတဲ့ အချိန်မှာ အရက်မူးနေတဲ့ ထိုင်းနိုင်ငံသား မောင်းလာတဲ့ကားက ဝင်ကြုံးတာပါ။ ဒဏ်ရာကပြင်းတယ်၊ ညာဘက်ခြေထောက် ပြတ်လုနီးပါးဖြစ်သွားတာ။ ကိုယ်ဝန်က မထိခိုက်ဖို့များတယ် ဆိုပေမဲ့ ခွဲခန်းထဲက ထွက်လာမှ ပြောလို့ရမှာပါ။ အခုတော့ ဆေးရုံမှာ ဆေးကုနေတုန်းဆိုတော့ အမှုအခြေအနေတော့ မသိရသေးပါဘူး။”
ကားတိုက်ခဲ့တဲ့ ထိုင်းနိုင်ငံသားဟာ အရက်အလွန်အကျွံသောက်ထားပြီး ကားတိုက်မှုဖြစ်ပြီးတဲ့ အချိန်မှာလည်း အော်ဟစ်ဆဲဆိုနေလို့ ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ဘန်ဘောရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မဇင်မာဝင်းဟာ ဒဏ်ရာပြင်းထန်တာကြောင့် စမွတ်ပရာကန် ခရိုင်ဆေးရုံမှာ ဆေးကုသမှု ခံနေရပြီး ဒဏ်ရာအနည်းငယ်သာရရှိတဲ့ ထိုင်းနိုင်ငံသားနှစ်ယောက်ကတော့ နီးစပ်ရာ ဆေးရုံမှာသာ ဆေးကုသမှု ခံနေပါတယ်။