Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သား ကိုယ်ဝန်ဆောင်များ နေရပ်ပြန်မီးဖွားရန် ထိုင်းအရပ်ဘက်အဖွဲ့များ တောင်းဆို
DVB
·
September 20, 2024

ထိုင်နိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မိခင်နိုင်ငံမှာပြန်ပြီ ကလေးမီးဖွားကြဖို့ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ တောင်းဆိုချက် ၈ ချက်ကို  ထိုင်းအရပ်ဘက် မဟာမိတ်အဖွဲ့တွေလို့ ယူဆရတဲ့ အဖွဲ့တွေက   ထိုင်းအစိုးရဆီ ပေးပို့ ထားပါတယ်။

တောင်းဆိုထားတဲ့အချက်တွေထဲမှာ ရွှေ့ပြောင်းအလုပ်သမား ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ ကူညီတဲ့အစီအစဥ်ကို ပြန်လည်သုံးသပ်ဖို့၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တိမ်းရှောင်လာရတဲ့ နိုင်ငံ ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေကို ထိုင်းမှာ ကိုယ်ဝန်ဆောင်ခွင့် မပြုဖို့ဆိုတဲ့ အချက်တွေအပြင် ဥပဒေချိုးဖောက်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ပြစ်ဒဏ် ကျခံပြီးလို့ ပြန်လွတ်မြောက်လာပါက မိခင်နိုင်ငံကို ပြန်ပို့ရမယ်ဆိုတဲ့ အချက်တွေ ပါပါတယ်။

အဲဒီတောင်းဆိုချက်တွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရဲ့ လက်ထောက် ကနေ ပေးပို့စာ လက်ခံထားပြီး ရက်ပိုင်းအတွင်း ဝန်ကြီးထံ ပေးအပ်သွားမယ်လို့ လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ ဒီတောင်းဆိုချက်တွေအပေါ် ကန့်ကွက်သွားဖို့ ရှိတယ်လို့ DVB ကို ပြောပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတယောက် “ကျနော်တို့ အားလုံးကလည်း ဝိုင်းဝန်းပြီးတော့ ပြန်လည်ပြီးတော့ ချေပဖို့လိုတာပေါ့။ ဘာကြောင့်လဲဆို ကျနော်တို့ ကိုယ်ဝန်ဆောင်လာပြီးတော့ ဟိုဘက်နိုင်ငံသွားပြန်နေဆိုရင် ဘယ်မှာသွားနေမှာလဲ၊ နေစရာ မရှိဘူး၊ နိုင်ငံရေးလည်း မကောင်းဘူး၊ တချို့လူတွေဆို အိမ်တွေ ဘာတွေ မီးလောင်လို့ ဘာမှ မရှိဘဲနဲ့ ပြေးလာတဲ့အတွက်ကြောင့်မို့ ပြေးလာပြီးဖြစ်လာတဲ့ ကိုယ်ဝန်ကို ဟိုဘက်မှာ သွားနေပြီး ဘယ်လိုပြုစုမယ်ဆိုတာကို ကျနော် ဒါပဲပြောချင်တယ်၊ လူလူချင်း စာနာစိတ်ရှိပြီးတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အဲ့လိုတော့ မလုပ်သင့်ဘူးနော်” လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီအဖွဲ့တွေရဲ့ တောင်းဆိုချက်ထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာလည်း ထိုင်းအစိုးရက ကူညီနေတဲ့ အစီအစဥ်တွေကို ပြန်လည် သုံးသပ်ဖို့အတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနကို တောင်းဆိုထားပြီး ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်ကိုယ်စီ ရှိနေတဲ့အတွက် သားသမီးပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေဟာ မိဘတွေရဲ့တာဝန်တွေသာ ဖြစ်ကြောင်း တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းသားမိခင်တယောက်က “အဲဒီအချက် ၈ ချက်ဆိုတာလေ ထိုင်းနိုင်ငံရဲ့ ဘယ်အဖွဲ့အစည်း ဘယ်လူတွေက တောင်းဆိုတာလဲဆိုတာ တိတိကျကျ ရေရေရာရာတော့ မသိရဘူးပေါ့နော်။ ဒီနေ့ အဲ့အကြောင်းက လူပြောများနေတော့ ကိုယ်ကိုယ်တိုင် ဖတ်ကြည့်မိတယ်။ ပြီးတော့ တိကျသေချာတဲ့ သတင်းအရင်းအမြစ်တွေ၊ မိတ်ဆွေတွေဆီက ပြန်သိရတာက နေ့စဥ် မြန်မာပြည်ဘက်ကို သွန်တဲ့ ပြန်ပို့တဲ့ အခြေအနေတွေကလည်း အများကြီးရှိနေတယ်။ အဲဒီထဲမှာမှ ကျမတို့ သားသမီးအရွယ် ကျောင်းသားကလေးလေးတွေ ပါတယ်၊ ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်၊ အသက်အရွယ်အစုံပေါ့နော်။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုထုတ်ပြန်ချက်မျိုး တောင်းဆိုချက်မျိုး ထွက်လာတယ် ဆိုတာက တော်တော်လေး စိတ်မသက်သာဘူးပေါ့နော်” လို့ ပြောပါတယ်။

တောင်းဆိုချက်တွေထဲမှာ ထိုင်းနိုင်ငံသားခံယူတဲ့ အစီအစဥ်တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ နိုင်ငံ ၃ နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးမွေးဖွားခြင်းဆိုင်ရာ ဥပေဒေကိုလည်း ရေးဆွဲဖို့ အဲဒီ တောင်းဆိုချက်မှာ ပါပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံမှာ ပြန်ရောက်မွေးဖွားပြီးမှ ရက် ၉၀ ပါမစ်နဲ့ ပြန်လာလုပ်ရမယ်လို့ ဆိုထားပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတယောက်က “ကလေးသူငယ်တွေ မွေးလာပြီဆိုရင် ပညာရေး ပေးမသင်ဘဲ ပြန်ပို့မယ်ဆိုရင် အဲ့မှာ ပြန်ပို့လို့ရှိရင် ဘယ်သူနဲ့ သွားနေမလဲ၊ ဒီဘက်နိုင်ငံမှာက မိဘတွေက ကလေးတွေကို တနေကုန် တနေကမ်း ကြည့်ရှုနိုင်တာ မဟုတ်ဘူး။ ကလေးကို ကျောင်းပို့ရမယ်။ ပြောရမယ်ဆို သူတို့ ထိုင်းနိုင်ငံကိုလာတာက ဒီတိုင်း အလကားလာတာ မဟုတ်ဘူး။ အခွန်ဆောင်ပြီး လာရတာလေ။ ဒီတနှစ်တနှစ် အလုပ်သမားတွေပေးရတဲ့ အခွန်အခက မနည်းဘူး။ ဒီလိုမျိုး ပြန်ပို့မယ့်ကိစ္စကတော့ ကန့်ကွက်ချင်တာပေါ့” လို့ ပြောပါတယ်။

အဆိုပါ တောင်းဆိုချက် ၈ ချက်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက တောင်းဆိုထားလဲ ဆိုတာတော့ တိတိကျကျ မသိရသေးတဲ့အတွက် စိုးရိမ်မလွန်ကြဖို့ကိုလည်း လူမှုကွန်ရက် သုံးစွဲသူ တွေကြားမှာ အချင်းချင်း သတိပေးနေကြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းကလေးငယ် ကျောင်းသား ကျောင်းသူ ၂၀,၀၀၀ နီးပါဟာ ကျောင်းပေါင်း ၆၃ ကျောင်းမှာ ပညာသင်ကြားနေတယ်လို့ ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလုပ်သမားအရေး ကူညီပေးတဲ့ အဖွဲ့တွေကတော့ ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၆ သန်းကျော် ရှိတယ်လို့ ခန့်မှန်းပါတယ်။

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024