ရှမ်း-ကရင်နီ (ကယား) နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအခြေစိုက် ခမရ-၄၂၂ တပ်ရင်းမှ စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ခိုလှုံလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ခမရ ၄၂၂ တပ်ရင်းမှ တပ်သားအဆင့် ရဲဘော်တဦးဟာ နိုဝင်ဘာ ၇ ရက်က ဖယ်ခုံ PDF ဆီ အလင်းဝင်ခဲ့တာလို့ ဖယ်ခုံPDF တပ်ရင်း (၂) ဗိုလ်တစ်ထောင်တပ်ခွဲ B (1006) က နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာတဲ့ ရဲဘော်ဟာ ကရင်နီပြည်နယ်ကနေ ဆုတ်ခွာပြီး ရှမ်းမြောက်စစ်မျက်နှာကို ပို့ဆောင်မယ့် စစ်ကောင်စီရဲ့ ယာဥ်တန်းအတွက် လုံခြုံရေးဆောင်ရွက်နေစဥ် ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။
"အလင်းဝင်လာတဲ့ ရဲဘော်က အသက် ၂၅ ဝန်းကျင်လောက် ရှိပါပြီ။ စစ်တပ်က ထွက်ပြေးလာတာ ဖုန်းလည်း မပါဘူး။ ကျနော်တို့ စစ်ကြောင်းထွက်ရင်းနဲ့ လမ်းမှာဆုံတာ။ သူနဲ့အတူ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆန် အတောင့် ၁၀၀ ကျော်ပါလာတယ်ပေါ့နော်။ ကျနော်တို့ဘက်က ဆုငွေပေးအပ်ပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးခဲ့ပါတယ်။ အခုတော့ သူ့ကို ပြည်သူ့ရင်ခွင်ဆီ ပို့ဆောင်ပေးလိုက်ပါပြီ” လို့ ဗိုလ်တစ်ထောင်တပ်ခွဲရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်ရှိ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့ သိရပါတယ်။