ချီလီမှာ အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပန်အမေရိကန် အားကစားပွဲတော်အတွက် ဆန်တီယာဂိုမြို့တော်ကို ရောက်ရှိလာတဲ့ ကျူးဘားကိုယ်စားလှယ်တဦးဟာ ချီလီ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေဆီ ခိုလှုံခွင့်တောင်းခံထားကြောင်း ချီလီအစိုးရက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။
အမျိုးသမီး ၆ ဦး အပါအဝင် ကျူးဘားအားကစားသမား ၇ ဦးဟာ အားကစားရွာကနေ ထွက်ခွာသွားခဲ့ပြီး သူတို့ရဲ့ကိုယ်စားလှယ်အဖွဲ့ အာဏာပိုင်တွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ကြောင်း မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
အစိုးရက အစပိုင်းမှာ ဗီဇာတွေက ကျူးဘားကိုယ်စားလှယ်တွေကို ရက်ပေါင်း ၉၀ နေထိုင်ခွင့် ပေးထားပြီး နောက်ထပ် ရက် ၉၀ ဗီဇာသက်တမ်း တိုးနိုင်ကြောင်း ပြောထားတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ကိုယ်စားလှယ်တွေဟာ ခရီးသွားဗီဇာနဲ့ လာရောက်ကြတာမဟုတ်ဘဲ အထူးပတ်စ်ပို့နဲ့ ရောက်ရှိလာကြတာဖြစ်လို့ အများအပြားဟာ လာမယ့်ရက်တွေမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ကြောင်း ပြောင်းလဲပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အားကစားသမား ၇ ဦးထဲက တယောက်မှ အခုချိန်အထိ ခိုလှုံခွင့်တောင်းခံခြင်း မရှိသေးပေမဲ့ တခြားကျူးဘားနိုင်ငံသားတဦးက ခိုလှုံခွင့် တောင်းဆိုခဲ့တာဖြစ်ကြောင်း ချီလီပြည်ထဲရေး ဒုဝန်ကြီး မာနူယယ် မွန်ဆာလ်ဗီက ပြောပါတယ်။
ပန်-အမေရိကန် အားကစားပြိုင်ပွဲအတွက် ချီလီကို တရားဝင်လာရောက်ကြသူ အားကစားသမားတွေနဲ့ ကျူးဘားကိုယ်စားလှယ်အဖွဲ့ရဲ့ ၄၁၂ ဦးထဲက ၃၉၁ ဦးဟာ အခုတော့ နိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပြီး ချီလီပိုင်နက်ထဲမှာ ကိုယ်စားလှယ် ၂၁ ဦးဟာ ကျန်ရှိနေခဲ့ကြောင်း မွန်ဆာလ်ဗီက ပြောပါတယ်။
ကျူးဘားအားကစားသမားတွေဟာ ချီလီနိုင်ငံနဲ့ တရားဝင်ဆက်သွယ်မှု မရှိခဲ့ကြောင်းလည်း ဆိုပါတယ်။ သူတို့ဟာ တရားရေးကိုယ်စားပြု ရှေ့နေခေါ်ခွင့် ရှိထားပြီး ချီလီဥပဒေတွေနဲ့ ချီလီအဖွဲ့အစည်းတွေဆီ သူတို့ရဲ့တောင်းဆိုမှုတွေအရ အဓိကအားဖြင့် အမျိုးသား ရွှေ့ပြောင်းရေး ဝန်ဆောင်မှုကနေတဆင့် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရမှာ ဖြစ်ကြောင်းလည်း ပြည်ထဲရေး ဒုဝန်ကြီး မွန်ဆာလ်ဗီက ပြောသွားပါတယ်။
Source/Photo-Reuters