Home
မြန်မာသတင်း
ကလေးမြို့တွင် ဓားပြတိုက်ခံရပြီး ခရစ်ယာန်သင်းအုပ်ဆရာ ကွယ်လွန်
DVB
·
November 8, 2023
Pastor_08112023

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်မှာ ဓားပြတိုက်ခံရပြီး ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာတော်တပါး ကွယ်လွန်သွားကာ သားဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် မနက် ၃ နာရီမှာ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်၊ တောင်ဖီလာတောင် အနီးက နေအိမ်မှာ လူ ၃ ယောက်က ဓားပြဝင်တိုက်ပြီး ဆရာတော်ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဓားပြတွေက ခြံထဲဝင်ရောက်လာပြီး ဆိုင်ကယ် ၂ စီးကို ခိုးယူဖို့ပြင်ဆင်ပြီးမှ အိမ်ရှင်ကိုနှိုးပြီး ငွေတောင်းတဲ့အချိန် အိမ်ရှင်ရဲ့သားဖြစ်သူ နိုးလာပြီး ဓားပြတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာက ဓားပြတယောက်က အိမ်ရှင်ဆရာတော်ရဲ့ ဦးခေါင်းနောက်စေ့ကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၀ အရွယ် ဆရာတော် ပေါင်ခန့်ဒါးလ်ဖြစ်ပြီး တီးတိန်မြို့နယ်၊ လိုးဖေကျေးရွာက နှစ်ခြင်းအသင်းတော်မှာ သင်းအုပ်ဆရာလုပ်နေသူ ဖြစ်ပါတယ်။

မိသားစုနဲ့ နီးစပ်သူက“ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ဓားပြတွေက ထွက်ပြေးသွားတယ်။ ဆိုင်ကယ်တောင် ယူမသွားဘူး။ သူတို့ရဲ့ သေနတ်အတုနဲ့ ဖုန်းတလုံး ကျကျန်ခဲ့တယ်။ ဦးလေးက နောက်စေ့ကိုထိသွားတော့ သွေးထွက်လွန်တယ်။ လူနာတင်ကားက မနက် ၆ နာရီလောက်မှ ရောက်လာတယ်။ ဆေးရုံတွေက လက်မခံတော့ ဆုံးသွားတယ်။ သူ့ရဲ့သားကတော့ ချိုင်းအောက်မှာ ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ကွယ်လွန်သူ ဆရာတော် ပေါင်ခန့်ဒါးလ်ရဲ့ အသုဘကိုတော့ သူ့ရဲ့ဇာတိဖြစ်တဲ့ တီးတိန်မြို့နယ် ထုတ်လိုင်ကျေးရွာမှာ နိုဝင်ဘာ ၈ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024