ဥရောပသမဂ္ဂ (အီးယူ) ဟာ ခုသီတင်းပတ်အတွင်း အဖွဲ့ဝင်ဖြစ်မှုလမ်းကြောင်းပေါ်က ယူကရိန်းရဲ့ တိုးတက်မှုအပေါ် အပြုသဘောဆောင်တဲ့ အကဲဖြတ်ချက်တခုပေးဖို့ ယူကရိန်းအစိုးရက မျှော်လင့်ထားတယ်လို့ ယူကရိန်းအစိုးရ အကြီးတန်းဝန်ကြီးတဦးက ပြောလိုက်ပါတယ်။
လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးကို လုပ်ခဲ့တယ်လို့လည်း သူက နိုဝင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။
အီးယူကော်မရှင်ရဲ့ အစီရင်ခံစာတစောင်ကို နိုဝင်ဘာ ၈ ရက်နေ့မှာ မထုတ်ပြန်မီ ဒုတိယဝန်ကြီးချုပ် အိုဟာ စတက်ဖနစ်ရှင်နာက ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။
ယူကရိန်းနဲ့ တရားဝင် ဝင်ရောက်ဆွေးနွေးရေး လမ်းဖွင့်ပေးဖို့ ဒီဇင်ဘာမှာ အီးယူအဖွဲ့ဝင် နိုင်ငံတွေက ထောက်ခံချက်ပေးဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။
“အဆင့်ခုနှစ်ဆင့်နဲ့ ပတ်သက်လာတဲ့အခါ အကဲဖြတ်ဖို့ ရည်ရွယ်ချက်အတွက် သဘောတူထားတဲ့ အရာအားလုံးကို အကောင်အထည်ဖော်ပြီးပြီလို့ ကျမထင်ပါတယ်” လို့လည်း ဒုဝန်ကြီးချုပ်က ရိုက်တာကို ပြောပါတယ်။
“ကျမတို့အနေနဲ့ ဥရောပကော်မရှင်နဲ့ အမြဲတမ်း အဆက်အသွယ်ရပြီး အကောင်အထည်ဖော်ဖို့ စီမံခန့်ခွဲတဲ့ ခြေလှမ်းတွေကို ညှိုနှိုင်းဆွေးနွေးနေလို့ အကဲဖြတ်မှုဟာ သေချာပေါက် အပြုသဘော ဆောင်လိမ့်မယ်လို့ ကျမပြောချင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။
Source/Photo-Reuters